ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ ဂါလာတာစာရေးနဲ့ ၃-၃ သရေကျသွားပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အုပ်စုတက်ဖို့ မရေရာတော့ပါဘူး။

ဒီရာသီ ချန်ပီယံလိဂ်မှာ ယူနိုက်တက် အုပ်စုအဆင့်ကနေ ပြုတ်သွားခဲ့မယ်ဆိုရင် အဓိက အားနည်းချက်က ခံစစ်ပိုင်း ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

အုပ်စုတွင်းမှာ ဂိုးသွင်းအား အကောင်းဆုံးဖြစ်တဲ့ ယူနိုက်တက်ဟာ ၄-၃ ရလဒ် ၂ ပွဲ၊ ၃-၃ ရလဒ် ၁ ပွဲနဲ့ ၃-၂ ရလဒ် ထွက်ပေါ်တဲ့ ပွဲတွေနဲ့အတူ သွင်းဂိုး ၁၂ ဂိုးထိ ရှိထားတာပါ။ ဒါပေမယ့်လို့ ၎င်းတို့ရဲ့ ခံစစ်ကလည်း တိုက်စစ်လိုပဲ လိဂ်မှာ အများဆုံးဖြစ်ကာ ၁၄ ဂိုးထိ ခွင့်ပြုထားရပါတယ်။

ဒီနောက်ပိုင်းပွဲတွေမှာ ယူနိုက်တက် ပြန် တိုးတက်လာပေမယ့် အသင်းလိုက်ပိုင်း အားနည်းသလို တစ်ဦးချင်း အမှားတွေ ကပဲ ရလဒ်တွေကို ထိခိုက်လာစေတာဖြစ်ပါတယ်။

သရဲနီဟောင်းကြီးတွေကတော့ လက်ရှိ ယူနိုက်တက် အနေအထားကို အတော် စိတ်ပျက်နေပြီး ဝေဖန်မှုတွေ အသီးသီး ထုတ်ပြောလာကြပါတယ်။

ပေါစခိုးလ်က ” ဒီလိုပွဲမျိုး မြင်ဖူးရဲ့လားတောင် မသေချာတော့ပါဘူး။ စည်းစနစ်ကျကျ ကစားနိုင်မှုပိုင်း အားနည်းခဲ့တယ်။ အဝေးကွင်းတွေက အနိုင်ရဖို့ အရမ်း ခက်ခဲတာပါ။ ဒီလိုနည်းလမ်းကြီးနဲ့ ဥရောပပြိုင်ပွဲမှာ အဝေးကွင်း နိုင်ပွဲရမှာ မဟုတ်ဘူး။ ကိုယ်က ၂-၀ တို့ ၃-၁ တို့နဲ့ ဦးဆောင်ထားရင် အေးဆေးဖြစ်နေရမှာ။

ကျနော်ကတော့ ဒါကို အသင်းတစ်သင်းလို့ကို မမြင်ဘူး။ သူတို့က အသင်းတစ်သင်းလို မကစားခဲ့ဘူး။ ဘာ အပြောင်းအလဲမှ မရှိပါဘူး၊ သူတို့ မှန်မှန်ကန်ကန်ဖြစ်ဖို့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ” ဆိုပြီး ပြောဆို ဝေဖန်ခဲ့တယ်။

ပေါစခိုးလ်ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း အိုဝင် ဟားဂရေ့ဗ်ကလည်း ” ယူနိုက်တက်က ပွဲကို ထိန်းချုပ်နိုင် ခဲ့တာပါ။ သူတို့ မြူနစ်မှာတုန်းက ၃ ဂိုးသွင်းတယ်၊ ရှုံးတယ်။ ကိုပင်ဟေဂင်ပွဲမှာ ၃ ဂိုးသွင်းတယ်၊ ရှုံးတယ်။ အခုဒီမှာ ၃ ဂိုး သွင်းတယ် သရေကျတယ်။

ယူနိုက်တက်က ဂိုးတွေသွင်းနေပေမယ့် ခပ်လွယ်လွယ်ပဲ ဂိုးတွေ ပြန်ပေးခဲ့ရတယ်။ ဒါမျိူး ဥရောပပွဲတွေမှာ လာလုပ်လို့ ဘယ်လိုလို့ရမှာလဲ။ ” လို့ ထပ်ဖြည့် သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။