လီဗာပူး အသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် LASK အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရာမှာ ဒီယက်ဇ်၊ ဂတ်ပို (၂ ဂိုး)၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

နည်းပြ ကလော့ပ်ဟာ ဒီပွဲမှာတော့ ဗန်ဒိုက်၊ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာတို့လို စီနီယာ အသင်းသား တွေကို လူစာရင်းထဲတောင် ထည့်လာခဲ့ခြင်း မရှိပါဘူး။

သွင်းဂိုး တွေကတော့ လီဗာပူးတိုက်စစ်သမား ၃ ဦးရဲ့ ထူးချွန်မှု ကနေပဲ သူတို့ချင်း တွဲဘက်ပြီး ဂိုးတွေ ရယူသွားခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းကြား ခြေစွမ်း အတော်လေး ကွာဟပြီး လီဗာပူးအတွက် သက်သောင့်သက်သာ နိုင်ပွဲမျိုး ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ယူရိုပါလိဂ် Group E ရဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက် အဆင့်ထံ တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြကလော့ပ်ကတော့ လီဗာပူးက ပရီးမီးယားလိဂ်ကို အာရုံစိုက်တော့မယ်လို့ ထုတ်ပြော လာခဲ့တယ်။

” ရလဒ်က သိပ်ကောင်းပါတယ်။ စွမ်းဆောင်ရည်ကလည်း ထိပ်တန်းပါပဲ။ ဘယ်သူမှလည်း ဒဏ်ရာ မရခဲ့တာက ကောင်းတဲ့ကိစ္စပါပဲ။

ယူရိုပါလိဂ်မှာ ကစားနေချိန်ဆိုရင် ဒီပြိုင်ပွဲကပဲ ကျနော်တို့အတွက် အရေးအကြီးဆုံးပါပဲ။ အခုတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲက အဓိက ဖြစ်သွားပါပြီ ” လို့ ပွဲအပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၃ ရက်အတွင်း ၈ ပွဲ ယှဉ်ပြိုင် ရမှာဖြစ်ကာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်း ဖလားတွေကို အာရုံစိုက်လာတော့မှာပါ။