ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ နီးလာတာနဲ့အမျှ ကလပ်တွေကြား အပြောင်းအရွှေ့ ကိစ္စတွေ စတင် လာနေသလို ကစားသမားတွေဘက်ကလည်း သူတို့ အနာဂတ်အတွက် စတင် လှုပ်ရှားလာနေပါပြီ။
မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကလည်း သူ့ရဲ့ အနာဂတ် ကလပ်ကို စတင်ရှာဖွေနေပါတယ်။ ကစားသမား ကိုယ်တိုင်ကတော့ သူ့ကို အလိုရှိရင် ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာအသင်းကို ကမ်းလှမ်းမှုပါ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။
ကွင်းလယ်လူ ဂါဗီကို ဒဏ်ရာကြောင့် ကာလရှည် လက်လွတ်ရမယ့် ဘာစီလိုနာဟာ ဈေးကွက်ကနေ ကစားသမား တစ်ဦးကို ပြောင်းရွှေ့ကြေးများများဖြင့် ခေါ်ယူနိုင်စွမ်း မရှိပါဘူး။ ကက်တလန်ကလပ်ဟာ လူသစ်ခေါ်ယူမယ်ဆိုရင်တောင် ၆ လ အငှားဖြင့်ပဲ ချိတ်ဆက်မှာ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီယောင်တို့ဟာ အေဂျက်မှာ အတွဲညီခဲ့သလို လက်ရွေးစင်မှာလည်း တွဲဘက် ကစားခဲ့ကြတာပါ။ ဒါကြောင့်ပဲ ယူနိုက်တက် ကွင်းလယ်လူကို ခေါ်ယူရေးဟာ ဘာစီလိုနာအတွက် ရွေးချယ်စရာကောင်း ဖြစ်လာနေပါတယ်။
ဗန်ဒီဘိခ်ကတော့ “ ကျနော် ပုံမှန်ပွဲကစားခွင့် ရလိုပါတယ်။ မန်ယူနိုက်တက်မှာပဲ ဖြစ်ဖြစ် အခြားကလပ်မှာပဲ ဖြစ်ဖြစ် ပွဲကစားလိုပါတယ်။ ဒါက ကျနော်ရဲ့ ရည်မှန်းချက်ပါ။
ကျနော်က ဘောလုံးကစားရတာကို ရူးသွပ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ ကောင်းကောင်း နေထိုင်နေရပေမယ့် ကျနော်အတွက် လှုံ့ဆော်မှု ဖြစ်စေတာက ပိုက်ဆံကြီးပဲ မဟုတ်ပါဘူး။ ” လို့ ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။