ပြီးခဲ့တဲ့ ၃ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီး အသင်းဟာ ၄ပွဲဆက် နိုင်ပွဲ ပျောက်ပြီးနောက် ဒီရာသီ ချန်ပီယံ ဘွဲ့ ဆက်ထိန်းဖို့ ရုန်းကန်နေရပြီ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာကတော့ ဒီရာသီမှာလည်း ဖလား ၃ လုံး ယူဖို့ ရည်မှန်းထားပြီး အောင်မြင်မယ်ဆိုရင် နည်းပြဘဝက အနားယူမယ်လို့ ပြောလာပါတယ်။

၂၀၁၆ မှာ အင်္ဂလန်လိဂ်ကို ရောက်လာပြီးတည်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အောင်မြင်ခဲ့တဲ့ မန်စီးတီးဟာ မနှစ်ကတော့ သမိုင်းဝင် အောင်မြင်မှုကို ပိုင်ဆိုင်ခဲ့တာပါ။ ဒီရာသီမှာတော့ အမှတ်ပေးပွဲ ၁၅ ပွဲ ကစားပြီးချိန် ဇယားထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ကွာဟနေပါပြီ။

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တွေမှာ အောင်မြင်ခဲ့သလို မန်စီးတီးနဲ့ ဥရောပကို လွှမ်းမိုးခဲ့တဲ့ ဂွာဒီယိုလာကတော့ ဒီရာသီ ဖလား ၃ လုံး ထပ်ယူဖို့ ရည်မှန်းထားသလို လုပ်ပြီးရင် အနားယူချင်ကြောင်း ပြောဆိုလိုက်ပါတယ်။

“ ဒီရာသီ ဖလား ၃ လုံး ထပ်ပြီး အောင်မြင်ရင် မန်နေဂျာအဖြစ်က ကျနော် အနားယူပါမယ်။ တကယ်ပါ သေချာပါတယ် ” လို့ ဆိုလိုက်ပါတယ်။

သူကပဲ ” ဖလား ၃ လုံး ထပ်ပြီး အောင်မြင်ဖို့ ခက်ခဲတယ်ဆိုတာ ကျနော် သိပါတယ်။ အင်္ဂလန်မှာ အသင်း ကောင်းတွေ အများကြီး ရှိတဲ့အထဲက ဆာအဲလက်စ် တစ်ယောက်ပဲ မနှစ်ကရာသီ ကျနော်တို့ လုပ်သလို လုပ်နိုင်ခဲ့ ဖူးပါတယ်။

ကျနော်တို့ ကြိုးစားလာခဲ့တာ ဖလား ၁ လုံး၊ ၂ လုံးကနေ အခုတော့ ၃ လုံး အောင်မြင်လာခဲ့ပါပြီ။ ကျနော်တို့ရဲ့ အဆင့်ကို သိပါတယ်၊ ပြိုင်ပွဲတွေက ကျနော်တို့ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးတယ်။ ပြိုင်ဘက်တွေရဲ့ အဆင့် အတန်း တွေကြောင့် စိန်ခေါ်မှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။

ဒါပေမယ့်လို့ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတွေဟာ ဆုဖလား အကြောင်း ပြောဆိုနေရမယ့် အချိန် မဟုတ်ပါဘူး။ အဲ့အကြောင်းကို မေ့ထားရမှာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။