ယူနိုက်တက် တိုက်စစ်သမားဟောင်း မက်ဟုချ်ကတော့ ဘောလုံးပိုင်ဆိုင်မှု မရှိချိန်မှာ အဆိုးရွားဆုံးသော ပရီးမီးယားလိဂ် ကစားသမားဟာ နည်းပြတန်ဟက်ရဲ့ အသင်းက ဖြစ်တယ်လို့ ထုတ်ဖော်လာပါတယ်။

မက်ဟုချ်ကတော့ တိုက်စစ်သမား ရက်ဖိုဒ့်ဟာ ဘောလုံး ဆုံးရှုံးနေချိန်မှာ အားထုတ်လိုစိတ် အနည်းဆုံး ကစားသမားအဖြစ် ဝေဖန်လာခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

မက်ဟုချ်ကတော့ ချယ်ဆီးကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ရက်ဖိုဒ့်ဟာ ခံစစ်ပိုင်းတာဝန်တွေကို မျှဝေ ထမ်းပေးဖို့ လိုအပ်တယ်လို့ အခုလို အကြံပေးခဲ့ပါတယ်။

‘ ကစားသမားတွေက မကြိုးစားဖို့ ရည်ရွယ်ချက်မျိုးတွေ ရှိကြတယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ရက်ဖိုဒ့်ကတော့ မနှစ်ကရာသီ မတိုင်ခင် အတွေးအခေါ်မျိုး ပြန်ဖြစ်နေတယ် ထင်ပါတယ်။ သူ့ကြည့်ရတာ ပျော်နေပုံ မရပါဘူး။ ယူနိုက်တက် ဂျာစီ ဝတ်ထားချိန်မှာ သူ့အနေနဲ့ အများကြီး အားထုတ်ပေးဖို့ လိုပါတယ်။

ယူနိုက်တက်ကို ကြည့်လိုက်ရင် တောင်ပံနေရာတွေမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဘောလုံး ကျော်ဖြတ်ခံရချိန်မျိုးမှာ သူတို့ရဲ့ တုန့်ပြန်ပုံ​က မလုံလောက်ပါဘူး။

ဘောလုံးပိုင်ဆိုင်မှု ပြန်ရရေး သူတို့တွေ ကြိုးစားဖို့လိုပါတယ်၊ တတ်နိုင်သလောက် ခပ်မြန်မြန် ဘောလုံး ပြန်ယူရမှာပါ။

မန်စီးတီးမှာ ဘောလုံးဆုံးရှုံးသွားရင် ချက်ခြင်းကို ပြန်လိုက်ဆယ်တာပါ။ ညာခြမ်းမှာ ဘောလုံး ဆုံးရှုံးခဲ့ရင် ဖိုဒန် ဘယ်လို ပြန်ယူလဲ၊ ဂရီလစ်ချ် ဘယ်လို ပြန်အားထုတ်လဲ။

ရက်ဖိုဒ့်က ထူးချွန်တဲ့ အရည်အချင်း ရှိပါတယ်၊ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ချိန်မှာ လိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးပါပဲ။ ဒါပေမယ့် ဘောလုံးမရှိချိန်မှာတော့ သူက လိဂ်ရဲ့ အဆိုးရွားဆုံး ကစားသမားတစ်ဦးပါ။ ဒါကို သူဖြေရှင်းနိုင်ဖို့ လိုပါတယ် ’ လို့ မက်ဟုချ်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။