ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် v လီဗာပူး
ခရစ္စတယ်ပဲလေ့စ်က ပြီးခဲ့တဲ့ လိဂ်ပွဲ ၈ ပွဲထဲမှာ တစ်ပွဲသာ နိုင်ထားပါတယ်။ ဒီအပတ် လီဗာပူးနဲ့ ပွဲမှာလည်း သူတို့ ဘာမှ ယူလာနိုင်မယ် မထင်ဘူး။ လီဗာပူးကတော့ ရလဒ်ကောင်းတွေ ဆက်တိုက် ရနေပြီး အမှတ်ပေးဖလား လုပွဲ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
လီဗာပူး ခံစစ်ကတော့ အားရစရာ မရှိဘူး၊ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့ clean sheet ရမယ်လို့ ကျွန်တော် မှန်းချင်တယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 0-2 လီဗာပူး
မန်ချက်စတာ ယူနိုက်တက် v ဘုန်းမောက်
ဒီတလော ရလဒ်တွေ အရ ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်း အမှန်ဆုံး အသင်းတွေထဲ ပါနေပါတယ်။ ဒါပေမယ့် သူတို့ ကစားတာ ကြည့်ပြီးရင်တော့ ခင်ဗျားတို့ ဒီလို ပြောနိုင်ပါ့မလား မသိဘူး။
ချယ်ဆီးနဲ့ပွဲမှာ အကြိတ်အနယ် ယှဉ်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ခါတိုင်းထက်ကို ပို ဖွင့် ကစားခဲ့တယ်။ ဘုန်းမောက်ကတော့ ဒီပွဲမှာ ဒါမျိုး ခွင့်ပြုမလား ကျွန်တော် သိပ် မသေချာပါဘူး။
ဘုန်းမောက်ကလည်း ပြီးခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေ ရထားပြီး ပုံစံကောင်း ရနေတယ်။ ဒါကြောင့် ဒီပွဲကနေ ရမှတ် တစ်ခုခု ယူသွားနိုင်မယ် လို့ ကျွန်တော် ခံစားမိနေတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 1-1 ဘုန်းမောက်
အက်စတွန်ဗီလာ v အာဆင်နယ်
အက်စတွန် ဗီလာက မန်စီးတီးနဲ့ ပွဲမှာ လုံးဝကို အလန်းစား လုပ်ပြသွားတယ်။ ဗီလာပါ့ခ် အိမ်ကွင်းမှာ သူတို့ နောက်ဆုံး ရှုံးခဲ့တာက ဖေဖော်ဝါရီလတုန်းက ဂန်းနားတို့နဲ့ ရင်ဆိုင်တုန်းကပဲ။ အဲဒီပွဲမှာ နောက်ဆုံး မိနစ် သွင်းဂိုးတွေကြောင့် ၄-၂ နဲ့ အရေးနိမ့်ခဲ့တယ်။
ဒီပွဲမှာတော့ အဲဒီလောက်ကြီး ကွာသွားဖို့ မရှိဘဲ အကြိတ်အနယ်ပဲ ရှိမယ် လို့ ကျွန်တော် ထင်တယ်။ အာဆင်နယ်က ဒီတလော သီတင်းပတ်တွေမှာ သူတို့ရဲ့ ခိုင်မာမှုကို ပြသထားတယ်။ ဒီတလော ကစားပုံ အရ သူတို့ ရှုံးဖွယ် မရှိဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ 1-1 အာဆင်နယ်
အဲဗာတန် v ချယ်ဆီး
ရှောင်ဒိုက် အဲဗာတန်မှာ လုပ်ပြနေတာ ဘယ်လောက် ကောင်းလိုက်လဲ။ သူတို့ ၁ဝ မှတ်လျှော့ ပြစ်ဒဏ်သာ မရခဲ့ဘူး ဆိုရင် အခုနေ ချယ်ဆီး အထက်မှာ ရှိနေမှာပါ။
အဲဗာတန် အတွက် ဒီပွဲစဉ်က အက်စတွန်ဗီလာ အာဆင်နယ်နဲ့ တွေ့သလိုပါပဲ။ ကြားရက်က အထင်ကြီးလောက်ဖွယ် စွမ်းဆောင်တာမျိုး ဆက်ထိန်းထားဖို့ လိုပါတယ်။ ချယ်ဆီးကရော သူတို့ကို ရပ်တန့်ဖို့ ဘယ်လို လုပ်လာမလဲ ?
ဒီပွဲကနေ ချယ်ဆီး ဘယ်လို ရလဒ်ထွက်လာမလဲ ကျွန်တော် ရေးရေးတောင် မသိဘူး ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒီရာသီ သူတို့ နှစ်ပွဲ ဆက်တိုက်တော့ မရှုံးသေးဘူး။ ဒီပုံစံကိုတော့ သူတို့ ဆက်ထိန်းမယ်လို့ ကျွန်တော် မျှော်လင့်တယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1-1 ချယ်ဆီး
လူတန် v မန်စီးတီး
မန်ချက်စတာ စီးတီးက ဒီပွဲကို မနိုင်စရာ ကို မရှိဘူး။ ရိုဒရီ ပြန်လာပါပြီ။ သူတို့ ခံစစ်ကြောင်းကို လုံးဝ အကူအညီ ဖြစ်တော့မယ်။ ။
လူတန်က ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင် လီဗာပူးနဲ့ အာဆင်နယ်ကို သူတို့ အိမ်ကွင်းမှာ လုံးဝ ဖိအားပေးပြခဲ့တယ်။ သူတို့က စီးတီးကိုလည်း အခက်တွေ့အောင် လုပ်မှာပဲ။ အနည်းဆုံး တစ်ဂိုးတော့ သွင်းလိမ့်မယ်။ စီးတီးကလည်း ဒီပွဲ အတွက် လုံးဝ အားခဲထားပြီး အလုပ်ပြီးအောင် လုပ်မှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ လူတန် 1-3 မန်စီးတီး
အခြားပွဲစဉ်များအတွက် ဆက်တန် ခန့်မှန်းရလဒ်များ
Brighton 3-1 Burnley
Sheff Utd 0-1 Brentford
Wolves 2-0 Nottingham Forest
Fulham 2-1 West Ham
Tottenham 3-3 Newcastle