အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ တက်ဖို့ သေချာပြီးတဲ့နောက် ကြားရက်က အုပ်စု နောက်ဆုံးပွဲ PSV နဲ့ ပွဲကို သက်တောင့်သက်သာ ကစားကာ ၁-၁ သရေ ရလဒ် ထွက်ပေါ်စေ ခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြ အာတီတာက ဗဟိုခံစစ် နေရာက ဆာလီဘာနဲ့ ဂါဘရီရယ်ကို တွဲကာ ပုံမှန်လို ပွဲထုတ် ခဲ့ပေမယ့် ပွဲ ပြီးခါနီး နောက်ဆုံး မိနစ် ၃ဝ လောက်မှာ ဒီကလန်ရိုက်စ် အား ဗဟိုခံစစ် နေရာ ဆင်း ကစားစေခဲ့ပါတယ်။

ဒီကလန်ရိုက်စ် ကို ဗဟိုခံစစ်မှာ ထား ကစားတာနဲ့ပတ်သတ်ပြီး အာတီတာက ” ကျွန်တော်တို့ နောက်တန်းမှာ အင်အား အတော် နည်းနေတာပါ။ ဒါကြောင့် အပြောင်းအလဲ တစ်ခုခု ကျွန်တေ်ာက လုပ်ချင်ခဲ့တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော်တို့ ဒီ အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ တွေးနေခဲ့ရတာ။ ရိုက်စ်က တကယ်ကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။

သူက အဲဒီနေရာမှာ အရင်ကလည်း ကစားဖူးပါတယ်။ အသင်းမှာ အရေးပေါ် အခြေအနေ ဖြစ်လာရင် သူ ဝင် ကစားနိုင်ဖို့ စမ်းကြည့်ချင်နေခဲ့တာ၊ သူ သေချာ ဝင်ဖြည့် ကစားနိုင်ရဲ့လား ကြည့်ချင်နေခဲ့တာပါ။

သူက ဘောလုံးနဲ့ အတူ အတော် သက်တောင့်သက်သာ ရှိတယ်။ သူ့ ခန္ဒာကိုယ် အရွယ်အစားနဲ့ ကစားသမား တစ်ယောက် အနေနဲ့ ဆို တစ်ဦးချင်း ယှဉ်လုမှုမှာလည်း အသာရမှုတွေ အများကြီး ရှိပါတယ်။

ဒါမျိုး သူ အရင်ကလည်း လုပ်ပြဖူးတယ်။ သူက တကယ်ကို ကျွန်တော်တို့ အတွက် ရွေးချယ်စရာကောင်း တစ်ခု ဖြစ်ပါတယ်။ ” လို့ အာတီတာက ရိုက်စ် အပေါ် အားရမှု အား ဖော်ထုတ်သွားပါတယ်။

ရိုက်စ် ဟာ ခံစစ်ပိုင်းနဲ့ ပတ်သတ်ပြီး ကျစ်လစ်မှု အတွက် နာမည်ကြီးပြီးသား ဖြစ်ပါတယ်။ ပွဲက သရေ ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ် နောက်တန်းမှာ ရိုက်စ်က သေချာ ကစားပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။