ဒီနှစ် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေက ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက်ကို တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်းလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီဟာ စနစ်ဟောင်းဖြင့် ယှဉ်ပြိုင်တဲ့ နောက်ဆုံး ဘောလုံးရာသီဖြစ်ကာ ကလပ်ပေါင်း ၃၆ သင်းက အုပ်စု အဆင့်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုဗိုလ်အဖြစ် ၈ သင်း၊ အုပ်စု ဒုတိယအဖြစ် ၈ သင်းတို့ဟာ နောက်အဆင့်ကို တက်ရောက်သွားခဲ့တယ်။

အုပ်စု တတိယနေရာက ၈ သင်းကတော့ ယူရိုပါလိဂ်ဆင်းကာ play-off ကစားရမှာဖြစ်ပြီး ကျန်တဲ့ ၈ သင်းကတော့ ဥရောပပြိုင်ပွဲ ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေထဲကတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ နှစ်သင်းသာ ရှုံးထွက် တက်သွားပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အုပ်စုကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

အုပ်စုဗိုလ်တွေအဖြစ်တော့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ ဆိုစီဒက်၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ ဒေါ့မွန်၊ ဘာစီလိုနာတို့က ရှုံးထွက်ကို တက်ရောက်ခဲ့ပါတယ်။

၎င်းအသင်းတွေဟာ အုပ်စု ဒုတိယနေရာက အသင်းတွေဖြစ်တဲ့ လိုက်ဇစ်၊ ပီအက်စ်ဗီ၊ ကိုပင်ဟေဂင်၊ နာပိုလီ၊ အင်တာ၊ လာဇီယို၊ ပီအက်စ်ဂျီ၊ ပေါ်တို တို့ဖြင့် မဲခွဲမှု ရလဒ်အတိုင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှုံးထွက်အဆင့်မှာတော့ မန်စီးတီး၊ ဘိုင်ယန်၊ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထဲက တစ်သင်းသင်းဟာ ပီအက်စ်ဂျီနဲ့ ရှုံးထွက်မှာ ထိပ်တိုက်တွေ့မယ့် ပွဲကောင်းမျိုး ပေါ်ထွက်လာနိုင်ပါတယ်။

ဘင်ဖီကာ၊ ယန်းဘွိုင်း၊ ဖီယင်နု၊ လန့်စ်၊ ဂါလာတာစရေး၊ ဘရာဂါ၊ အေစီမီလန်၊ ရှက်တာတို့ကတော့ ယူရိုပါလိဂ်ထံ ဆင်းကာ play-off ကစားရပြီဖြစ်ပါတယ်။

ယူနီယံဘာလင်၊ ဆဲလ်ဘတ်၊ ဆဲလ်တစ်၊ Antwerp၊ ရတ်စတား၊ ဆီးဗီးလာ၊ မန်ယူနိုက်တက်၊ နယူးကာဆယ် တို့ကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရပြီဖြစ်ကာ နှစ်သစ်ကစလို့ ဥရောပပွဲ မရှိတော့ဘဲ ပြည်တွင်းပွဲတွေပဲ ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။