၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်ခွာရခြင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအား အထိနာလာစေဖို့ ရှိနေပါတယ်။

ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့်ရာသီ စနစ်သစ်ဖြင့် ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာမှာပါ။ လာမယ့်ရာသီကစလို့ ချန်ပီယံလိဂ်ကို ၄ သင်း ထပ်တိုးပြီး စုစုပေါင်း ကလပ်ပေါင်း ၃၆ သင်းထိ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေကတော့ UEFA coefficient တွက်ချက်မှုမှာ ထိပ်ဆုံးရ နိုင်ငံ နှစ်ခုရဲ့ အဆင့် ၅ အသင်းကိုပါ ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရစေမယ့် အခွင့်အရေးကြီး ပေးမှာ ဖြစ်ပါတယ်။

UEFA coefficient ဆိုတာကတော့ ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲတွေ အားလုံးမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကလပ်တွေကို သူတို့ရဲ့ နိုင်ပွဲနဲ့ အောင်မြင်မှုအလိုက် အမှတ်တွေ ပေါင်းပေးထားခြင်း ဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၇ ရာသီအတွင်း ၆ ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း ပရီးမီးယားလိဂ်မှ ကလပ်တွေဟာ စွမ်းဆောင်ရည် ကောင်းတွေ ပြသထားတာပါ။ လီဗာပူး၊ မန်စီးတီးတို့ဟာ ဥရောပဖိုင်နယ်ကို ၅ ကြိမ်ထိ တက်ရောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လို့ ဒီရာသီ ယူနိုက်တက်၊ နယူးကာဆယ်တို့ရဲ့ ကျရှုံးမှုတွေကြောင့် အင်္ဂလန်ဟာ UEFA coefficient တွက်ချက်မှုမှာ ဂျာမနီနဲ့ အီတလီ အနောက်ကို ရောက်သွားပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်အပြီး UEFA COEFFICIENT POINTS တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • 1. Germany: 13.36
  • 2. Italy: 13.14
  • 3. England: 12.13
  • 4. Spain: 12.06
  • 5. France: 10.42

လက်ရှိ ဥရောပပြိုင်ပွဲတွေမှာ ဂျာမနီလိဂ်က ကလပ် ၆ သင်း၊ အီတလီလိဂ်က ကလပ် ၇ သင်းနဲ့ အင်္ဂလန်လိဂ်က ကလပ် ၆ သင်းတို့ ဆက်လက် ယှဉ်ပြိုင်နေဆဲဖြစ်ကာ ဘယ်လိဂ်က ထိပ်ဆုံး ၂ နေရာကို ရာသီကုန်မှာ ရယူသွားမလဲ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။