ဒီ တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကြမယ့် လီဗာပူးနဲ့ ယူနိုက်တက် အသင်းတို့ရဲ့ ကစားသမား ၂၂ ဦးထဲမှာ အကောင်းဆုံး ၁၁ ဦးဟာ လီဗာပူး အသင်းသားတွေချည်းပါပဲ ဖြစ်မယ် လို့ ဂရေမီ ဆောင်းနက်က ထုတ်ပြောလာပါတယ်။

ပရီးမီးယားလိဂ် ဝေဖန်ရေးသမားဖြစ်သူ ဆောင်းနက်ကတော့ လီဗာပူးမှာ ကစားဖို့ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ယူနိုက်တက် ကစားသမားဆိုလို တစ်ဦးတည်း ရှိကြောင်းကို အခုလို ထုတ်ပြောခဲ့ပါတယ်။

ဂရေမီ ဆောင်းနက်က ” တနင်္ဂနွေနေ့ပွဲကတော့ ၇-၀ ရလဒ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲ မှာလည်း လီဗာပူးက ယူနိုက်တက်ကို အနိုင်ယူမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ လီဗာပူးက ယူနိုက်တက် ကစားသမားတွေ ထက် ပိုကောင်းနေလို့ပါပဲ။

ယူနိုက်တက် ကစားသမားတွေထဲက လီဗာပူးအတွက် လိုချင်တဲ့သူ ရှိလား ဆိုရင် ဖာနန်ဒက်စ် တစ်ယောက် လောက်ပဲ ရှိပါတယ်။ သူဆိုရင်လည်း လီဗာပူးမှာ တောက်ပမှာပါပဲ။ ဘာလို့လဲဆိုတော့ ထိပ်တန်း ကစားသမား တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း အားလုံး သူ့မှာရှိပါတယ်။

ဒါပေမယ့်လို့ ဒီတလောမှာ သူကလည်း လိုအပ်ချက်တွေ များနေပါတယ်။ ဒါကြောင့်ပဲ တနင်္ဂနွေနေ့မှာ ပွဲထွက် လာမယ့် ၂၂ ဦးထဲမှာ အကောင်းဆုံး ၁၁ ဦးက အိမ်ရှင်အသင်းဘက်ကပဲ ဖြစ်ပါလိမ့်မယ်။ ” လို့ ထင်မြင်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကရာသီ ဂိုးပြတ်ပွဲကို အန်ဖီးကွင်းမှာ တက်ကြည့်ခဲ့သေးတဲ့ ဆောင်းနက်ကပဲ ” ပြီးခဲ့တဲ့ ပွဲတုန်းကတော့ လီဗာပူးက ၂ ဂိုး ၃ ဂိုးလောက်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော် မှားခဲ့ပြီး လီဗာပူးက ၇-၀ နဲ့ နိုင်သွားပါတယ်။ ဒါတောင် သူတို့ ခြေစွမ်း အဲ့လောက် မကောင်းသေးဘူး။

ဝေဖန်ရေးသမား တစ်ယောက်အဖြစ် အဲ့ပွဲကို ကျနော်တော့ သိပ်ကို ကျေနပ်မိပါတယ် ” လို့ ပြောခဲ့ သေးတာ ဖြစ်ပါတယ်။