မနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သရေကျခဲ့တဲ့ပွဲဟာ နည်းပြတန်ဟက်ရဲ့ ပုခုံးပေါ်က ဖိအားတွေကို ဖယ်ရှားပေးခဲ့ပြီး ယူနိုက်တက်ကလည်း အန်ဖီးကွင်းမှာ ဒီရာသီ သရေတစ်မှတ် ခွဲယူနိုင်တဲ့ ပထမဆုံး အသင်းလည်း ဖြစ်လာစေခဲ့ပါတယ်။

တန်ဟက်ကတော့ ရမှတ်တွေ ယူနိုင်ခြင်းကပဲ ဘောလုံးရဲ့ အရေးကြီး ကိစ္စဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေ ကိုယ့်ရဲ့ အခွင့်အရေးကို အရယူနိုင်ရင် သရေမဟုတ်ဘဲ ပွဲကို အနိုင်တောင် ရနိုင်တယ်လို့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

တန်ဟက်က ” ကိုယ်ရလိုက်တဲ့ ရမှတ်တိုင်းက အရေးကြီးပါတယ်။ ဘောလုံးဆိုတာ ရလဒ်တွေအတွက် တိုက်ခိုက်ရတာပါ။ ကိုယ့်ရဲ့ အခွင့်အရေးတွေကို အရယူနိုင်ရင် ဒီနေ့ပွဲမှာ ကျနော်တို့ နိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်မှတ်ကို ကျနော်တို့ ယူရတာ ကျေနပ်ပါတယ်။ အန်ဖီးကွင်းမှာ လီဗာပူးက ပုံစံကောင်းရနေပြီး ဂိုးအမြဲ သွင်းနိုင်ပေမယ့် ကျနော်တို့ကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ သူတို့ အခွင့်အရေး ဖန်တီးဖို့ ဂိုးသွင်းဖို့ကို ကျနော်တို့ ရပ်တန့်ပြခဲ့ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးကတော့ ဒီပွဲ သရေကျသွားတာကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံး နေရာကနေ ဆင်းပေးခဲ့ရပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ နောက်မှာ အက်စတွန်ဗီလာကလည်း ရမှတ်တူ၊ စီးတီးကလည်း ၄ မှတ် အကွာကနေ လိုက်လာတာ ဖြစ်တာကြောင့် လီဗာပူးမှာ ဖိအားတွေ တိုးလာခဲ့ပါတယ်။