အာဆင်နယ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝင်ရောက် လှုပ်ရှားဖို့ ပြင်ဆင်နေပြီ ဖြစ်ပေမယ့် နည်းပြ အာတီတာ စိတ်ကြိုက် ပစ်မှတ်မျိုး ခေါ်ယူနိုင်မယ် အာမခံချက် မရှိနေပါဘူး။

အာတီတာ သဘောကျတဲ့ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်အတွက် အက်စတွန်ဗီလာက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ထိ ဈေးခေါ်ထားတာပါ။ ဘရာဇီးအတွက် ပေးရမယ့် ပမာဏက ဈေးကြီးတယ် ဆိုပေမယ့် သူဟာ ချယ်ဆီး ခေါ်ယူထားတဲ့ ကိုင်ဆီဒိုထက် ပိုကောင်းသူဆိုတဲ့ ထောက်ခံချက်ရလာနေပါတယ်။

ပရီးမီးယားလိဂ် ဖလား စိန်ခေါ်မှုကို အရှိန်မြင့်နိုင်ရေး အာဆင်နယ်က ဇန်နဝါရီမှာ လူသစ် အချို့ ခေါ်ယူဖို့ လိုနေကာ ဒေါက်ဂလပ် က အကျိုးဖြစ်စေမယ်လို့ ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်းကြီး ဂျိုကိုးလ်က အခုလို ပြောပြခဲ့ပါတယ်။

” ဒီကလန်ရိုက်စ်၊ ကိုင်စီဒိုနဲ့ အန်ဇိုတို့ရဲ့ ပြောင်းရွှေ့ကြေးကို ကြည့်မယ်ဆိုရင် ပမာဏ သိပ်များတာကို မြင်ရပါလိမ့်မယ်။ ဒေါက်ဂလပ် လူးဝစ်ကလည်း တူညီတဲ့ လိဂ်ပြိုင်ပွဲမှာ သူတို့တွေလိုပဲ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။

သူ့ရဲ့ ခြေစွမ်းက ကိုင်ဆီဒိုထက် ပိုသာတယ်လို့တောင် ငြင်းခုံလို့ ရပါတယ်။ ရိုက်စ်ကလည်း သူအတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်းတွေ ပြသနေပါတယ်။

ဒေါက်ဂလပ် လူးဝစ် ကို ခေါ်ဖို့ကလည်း ရိုက်စ်တို့၊ ကိုင်ဆီဒိုတို့ကို ပေးရတဲ့ ပေါင် သန်း ၁၀၀ လောက်ကို ကျသင့်မှာဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ရင် ကလပ်တွေအတွက် အတော်လေးကို အကျိုးဖြစ်ပါလိမ့်မယ်” လို့ ဂျိုကိုးလ် က ဆိုခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ရွှေဖလားဆုရ နှစ် ၂၀ ပြည့်မှာ နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ရည်မှန်းနေတာပါ။ ဇန်နဝါရီမှာ လူသစ် ခေါ်ယူရေးဖို့ ပြင်ဆင်နေရာမှာ အားနည်းနေတဲ့ တိုက်စစ်ပိုင်း ဒါမှမဟုတ် ကွင်းလယ်ပိုင်းကို အင်အားဖြည့်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။