ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက စနေညက ပရီးမီးယားလိဂ် ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားရာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ စီးတီးဟာ ၂-ဝ နဲ့ ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာပါ။

စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ ပွဲရလဒ် အပေါ် အံ့အားသင့်နေပြီး ဒါမျိုး ဖြစ်လို့ မရဘူးလို့ ပွဲပြီး အင်တာဗျူးမှာ ညည်းညူနေခဲ့ပါတယ်။

” ကျွန်တော်တို့ ကိုယ့် ဆုံးဖြတ်ချက်တွေကြောင့် နှစ်မှတ်ကို လွှင့်ပစ်လိုက်သလို ဖြစ်ခဲ့တယ်။ ပင်နယ်တီကို ပေးခဲ့ရတယ်၊ ဒါကလည်း ထိုက်ကို ထိုက်တန်တဲ့ ကိစ္စပါ။ ဒါမျိုးက ဖြစ်လို့ မရဘူးဗျာ။ ဒါပေမယ့် ဖြစ်သွားခဲ့တယ်။

ကျွန်တော်တို့ စွမ်းဆောင်ရည်က တကယ်ကြီးကို ကောင်းခဲ့ပါတယ်။ အသေးစိတ်က အစ ကောင်းမွန်တယ်။ ဘာကိုမှလည်း မဆုံးရှုံးဘူး၊ တည်ကန်ဘောတွေကိုလည်း ကောင်းကောင်း ကာကွယ်ခဲ့တယ်။

ပြိုင်ဘက်က တောင့်တင်းပြီး စိတ်ရှည်ရှည်နဲ့ ကစားခဲ့ရတယ်။ သူတို့ ကစားသမား ၁ဝ ယောက်လုံး ဘောလုံး နောက်မှာ ခံ ကစားနေခဲ့ကြတာ။ တကယ်ကို မလွယ်ပါဘူး။

ကျနော်တို့ ဖန်တီးမှုတွေ ပိုလုပ်နိုင်ပေမယ့် ဘာမှ မဟုတ်တဲ့ အနေထားကနေ ဂိုးတွေ ပေးနေခဲ့ရတယ်။ အဲ့ဒါ က ပွဲတွေကို နိုင်စေမှာ မဟုတ်ပါဘူး။ စပါးတုန်းကလည်း ဒီလိုပဲ၊ လီဗာပူးပွဲတုန်းကလည်း ဒီလိုပဲ။ ပဲလေ့စ် ပွဲမှာလည်း ဒါကြောင့်ပဲ အမှတ်တွေ မရတော့ပါဘူး ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း ပွဲ ၃ ပွဲ ဆက်တိုက် သရေကျထားသလို နောက်ဆုံး လိဂ်ပွဲ ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။