မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အဝင်/ အထွက် အနည်းငယ် ရှိလာမှာဖြစ်ပါတယ်။

ကွင်းလယ်လူ ကာဆီမီရိုကို ဆော်ဒီပရိုလိဂ်ဘက်က ခေါ်ယူလိုနေကာ ယူနိုက်တက်မှာ ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းရဲ့ နှစ်ဆလောက်ထိ ပေးဖို့ ဆန္ဒ ရှိနေပါတယ်။ နည်းပြတန်ဟက်ကတော့ သူ့ကို ရာသီကုန်ထိ ဆွဲထားလိုပေမယ့် ကစားသမားဘက်က ထွက်လိုရင် တားဆီးမှာတော့ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုတော့ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ် အသင်းထံ အငှားချမှာဖြစ်ပါတယ်။ နယ်သာလန်သားဟာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ကာ ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့် အပါအဝင် ကိစ္စ အနည်းငယ်အတွက် ဆက်လက် ညိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂရင်းဝုဒ်ကိုတော့ အင်္ဂလန် ပြင်ပ ကလပ်တွေက ခေါ်ယူလိုနေကြပါတယ်။ ဆန်ချိုကို ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းက အလိုရှိနေပြီး သူ့ရဲ့ လုပ်ခက အဟန့်အတား ဖြစ်နေတာပါ။ ဂရင်းဝုဒ်ကိုတော့ လာလီဂါကလပ် အများအပြားက သဘောကျနေတာ ဖြစ်ပါတယ်။

နည်းပြတန်ဟက်တို့က အငှားခေါ်ယူထားတဲ့ အမရာဘတ်ကိုလည်း အပြီးသတ် ခေါ်ယူဖို့ မရှိပါဘူး။ ကွင်းလယ်ပိုင်း အစားထိုးဖို့တော့ အဲဗာတန်အသင်းမှ အိုနာနာကို စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးရမှာကို သိပ်တော့ သဘောမကျပါဘူး။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဦးစားပေးထဲမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ပါဝင်ပြီး စပို့တင်းမှ အန်နာဆီယိုကို အတော်လေး သဘောကျမှု ရှိထားပါတယ်။ ယူနိုက်တက်ဟာ ပေါ်တူဂီသား ခံစစ်မှူးအတွက် ကနဦး ပေါင် ၃၈.၈ သန်း ပေးရမှာဖြစ်ကာ ဆုကြေး ပေါင် ၁၂.၂ သန်းကို ထပ်တိုးပေးရဖို့ ရှိနေပါတယ်။