မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားကာ ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာထံ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲ ပထမပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု ရခဲ့ပေမယ့် ကွင်းလယ်ကနေ ဖန်တီးနိုင်စွမ်း နည်းပါခဲ့တယ်။ ဝက်စ်ဟမ်းဘက်က ပါကွီတာနဲ့ ဝေါပရောက်စ်တို့ကတော့ ရိုးရိုးရှင်းရှင်း ပေးပို့မှုတွေနဲ့ အန္တရာယ်ကြီးတဲ့ အခွင့်အရေးတွေ ဖြစ်စေခဲ့တယ်။

တိုက်စစ်ဆိုရင်လည်း ဘိုဝင်က တစ်ချက်ဆို ဆိုသလောက် ဖောက်ထွက်နိုင်ပေမယ့် ယူနိုက်တက်ကတော့ ဒီရာသီ မြင်နေကျ ပုံစံတွေအတိုင်း final third ထဲမှာတော့ အဆိပ်မရှိတဲ့ သာမာန်အသင်းသာသာ ခြေစွမ်းပဲ ရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အမှတ်ပေးပွဲ ၇ ပွဲမှာ ဂိုးရယူနိုင်ခဲ့ခြင်း မရှိသလို တိုက်စစ်မှူး ဟွိုင်လန်းကလည်း ပရီးမီးယားလိဂ် သွင်းဂိုး လုံးဝ ရယူနိုင်ခြင်း မရှိသေးပါဘူး။ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ယူနိုက်တက်ရဲ့ မှတ်တမ်းတွေက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။

ပွဲချိန် ၇၂ မိနစ်ထိ ယူနိုက်တက်က ဂိုးမသွင်းနိုင်တာကလွဲလို့ ခံစစ်ပိတ်ထားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်း ကွင်းလယ်လူတွေရဲ့ ပါးနပ်မှုကနေ တိုက်စစ်ပိုင်းက ဂိုးတွေ ခပ်မြန်မြန် ရယူသွားခဲ့ပါတယ်။

ဦးဆောင်ဂိုး ၂ ဂိုးရပြီးနောက် ဝက်စ်ဟမ်း ပရိသတ်တွေက “မနက်ဖြန်ကျရင် မင်းတော့ ရာထူးကနေ ထုတ်ခံရတော့မယ် ” လို့ နည်းပြတန်ဟက်ကို လှောင်ပြောင် ဟားတိုက်ခဲ့ကြတယ်။

ယူနိုက်တက်ဟာ အဆင့် ၄ နေရာက စပါးနဲ့ ၈ မှတ်တောင် ကွာဟလာနေပြီ ဖြစ်တာကြောင့် နည်းပြတန်ဟက်ရဲ့ ထိုင်ခုံကလည်း ဖိအားတွေ တိုးလာနေခဲ့ပါပြီ။