အင်္ဂလန်ဘောလုံးလောကရဲ့ အယုံကြည်ရဆုံးသော သတင်းထောက်အဖြစ် လေးစားခံရတဲ့ The Athletic သတင်းဌာနမှ David Ornstein ရဲ့ ဆောင်းရာသီ စျေးကွက်အကြို လီဗာပူး အပြောင်းအရွှေ့ အခြေအနေတွေကို ဖော်ပြချက် ဖြစ်ပါတယ်။

David Ornstein ကတော့ ” ပြီးခဲ့တဲ့ နွေတုန်းက လီဗာပူးရဲ့ ဦးစားပေးဟာ ကွင်းလယ်ပိုင်း ပြန်တည်ဆောက်ဖို့ဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ သူတို့ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကို ​ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသင်း လူစာရင်းအတွက် လိုအပ်တဲ့ နေရာတွေမှာ ငွေသုံးဖို့ လိုအပ်ကြောင်း သူတို့ ပိုင်ရှင်တွေ ခံစားခဲ့ပြီး နွေတုန်းက ဒါကို ဖြေရှင်းခဲ့ကြပါတယ်။ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီရဲ့ အင်္ဂလန်ပြင်ပက ကစားသမားတွေကို ခေါ်ယူမှုတွေနဲ့အတူ လီဗာပူးအသင်းဟာ သူတို့ အစားထိုးစရာတွေ လုပ်ရမယ့် ကိစ္စကို ကျရှုံးခဲ့ခြင်း မရှိပါဘူး။

ဒီရာသီမှာ လီဗာပူးအသင်းက ဆုဖလား ၄ ခုလုံးမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းမှာ လိုအပ်ချက်တွေတော့ ရှိနေဆဲပါ။

ကိစ္စတွေက ပြောင်းလဲနိုင်ဆဲဖြစ်ပြီး လီဗာပူးအသင်းက အပြောင်းအရွှေ့ကို မြန်မြန်ဆန်ဆန် ဝင်ပါဖို့ရာ အမြဲတမ်း သတိထားလေ့ ရှိပါတယ်။ ဥပမာ ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်တုန်းက ဂက်ပိုကို သူတို့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လာမယ့် စျေးကွက်မှာ လီဗာပူးအသင်း အရမ်းကြီး အလုပ်များမယ်တော့ မမျှော်လင့်ထားပါဘူး။

ဖူလ်ဟမ်ရဲ့ ပါလင်ညာနဲ့ သတင်းထွက်ခဲ့ပေမယ့် အခုချိန်မှာ မျှော်လင့်စရာ မရှိပါဘူး။ လီဗာပူးအသင်း ကွင်းလယ်ဟာ ပုံစံကောင်း ရှိနေပြီး အသက် ၂၈ နှစ် ရှိနေသလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရမယ့် ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ သူတို့ ခေါ်ယူလေ့ရှိတဲ့ ပုံစံမျိုးနဲ့ ခြားနားနေပါတယ်။

နံပါတ် ၆ နေရာအတွက် အားဖြည့်ဖို့ လိုအပ်ချိန်မှာ လီဗာပူးက ကွဲပြားတဲ့ ရွေးချယ်စရာတွေကို ရှာဖွေခဲ့ပြီး ဖလူမီးနက်စ် ကြယ်ပွင့် အန်ဒရေးကို ခေါ်ယူနိုင်မလား ကြိုးစားကြည့်ခဲ့ပါတယ်။ အဖွဲ့တွေအတွက် ဒီအပြောင်းအရွှေ့က အလုပ်မဖြစ်တာကြောင့် အခြားလမ်းကြောင်းကို လိုက်ခဲ့ကြပြီး အခုချိန်မှာတော့ အန်ဒရေးဟာ လီဗာပူး အလိုရှိတော့တဲ့ ကစားသမားစာရင်းက ဖြုတ်ခံထားရပါပြီ။

မာတစ်၊ သီယေဂိုတို့ ရာသီကုန်မှာ စာချုပ်ကုန်တော့မှာ ဖြစ်သလို ရာသီကုန်ရင် ဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့က ၁၂ လ စာချုပ်ပဲ ကျန်ရှိနေမှာတွေကြောင့် လီဗာပူးအသင်းဟာ ဆုံးဖြတ်ချက်ကြီးတွေကို လုပ်နိုင်ဖို့ လိုအပ်နေပါတယ် ” လို့ ဖော်ပြသွားပါတယ်။