အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယား ထိပ်မှာ ရှိနေတဲ့ ပရီးမီးယားလိရ် ဖလားပြိုင်ဘက် လီဗာပူးအသင်းကို ၃-၁ ဖြင့် အနိုင်ရပေမယ့် သူတို့ အပြုအမူတွေ အရ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှာ မဟုတ်ကြောင်း ဂယ်ရီနဗီးက သုံးသပ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကတော့ ဒီနိုင်ပွဲဟာ အာဆင်နယ်ရဲ့ ဖလားစိန်ခေါ်မှုကို ပြန်ပြီး အသက်ဝင်လာစေပေမယ့်လို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေး ပွဲအပြတ်ဖြတ်နိုင်စွမ်းမှာ လုံလောက်တဲ့ ယုံကြည်မှုပိုင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ဂယ်ရီနဗီးက ‘ ပွဲအပြီး အောင်ပွဲခံတဲ့ အပြုအမူတွေအရ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရမယ်လို့ ကျွန်တော် မထင်ပါဘူး။

သူတို့က ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုကနေ မထွက်သွားလိုပါဘူး။ ဒါကြောင့်ပဲ ဒီနိုင်ပွဲအပေါ် သူတို့ စိတ်ကျေနပ်မှု ရခဲ့တာပါ။

အာဆင်နယ်က လီဗာပူးထက် ပိုကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လီဗာပူးက ပိုပြီး အညှာအတာကင်းပါတယ်။ အဆုံးမှာတော့ အဲ့ဒါက အာဆင်နယ်ကို ပေးဆပ်မှု ကြီးမားစေပါမယ်။

ရာသီစတုန်းက အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့ ထင်ခဲ့ပေမယ့် ပွဲကို အပြတ်ဖြတ်နိုင်စွမ်း နည်းပါတာကြောင့် လက်ကျန် ဘောလုံးရာသီ တချိန်ချိန်မှာ ဒါကပဲ သူတို့ကို နာကျင်စေမယ် ထင်မိပါတယ်။

အာဆင်နယ်မှာ နည်းပြအဖွဲ့ကောင်းရှိတယ်၊ သူတို့ စနစ်ကလည်း ကောင်းတယ်၊ ကစားတာလည်း ကောင်းနေပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ ပွဲကို အပြတ်ဖြတ်နိုင်စွမ်း အားနည်းနေပါတယ်။

လီဗာပူးကို နိုင်လို့ သူတို့ အောင်ပွဲခံတာကလည်း ဆုဖလား စိန်ခေါ်နိုင်တာကြောင့်ထက် ၈ မှတ် မပြတ်တော့ဘူးဆိုတာ သိသွားလို့ အရမ်းကို ပျော်ရွှင်နေတာပါ။ ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။