လီဗာပူးအသင်းရဲ့ နွေပစ်မှတ်ဖြစ်ခဲ့တဲ့ ကွင်းလယ်လူ အန်ဒရေးကို ဖူလ်ဟမ်အသင်းက ဇန်နဝါရီစျေးကွက်မှာ ကမ်းလှမ်းခဲ့ပေမယ့် လိုချင်တဲ့စျေး မရတာကြောင့် ဘရာဇီးကလပ် ဖလူမီးနက်စ်ဘက်က ပယ်ချခဲ့ပါတယ်။

ဒီနွေမှာတုန်းက လီဗာပူးအသင်း ပေးချေတဲ့ စာချုပ်ဟာ လက်ခံနိုင်လောက်တဲ့ ယူရို သန်း ၃၀ ဆိုတဲ့ ပမာဏဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် တောင်အမေရိက ချန်ပီယံလိဂ်ဖလားကို အောင်မြင်လိုခြင်းနဲ့အတူ ဘရာဇီးကလပ်က ရောင်းချပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကိုင်ဆီဒို၊ လာဗီယာတို့ကို မရခဲ့တဲ့ လီဗာပူးအသင်းဟာ အန်ဒိုကို ပေါင် ၁၆.၂ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

လီဗာပူးဘက်က ပြန်လည် ချိတ်ဆက်ခြင်း မရှိတဲ့ အန်ဒရေးကို ဇန်နဝါရီစျေးကွက် နောက်ဆုံးရက်မှာ ဖူလ်ဟမ်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လို့ နွေတုန်းက လီဗာပူးပေးခဲ့တဲ့ ယူရို သန်း ၃၀ အောက်ပဲ ပေးတာကြောင့် ကွင်းလယ်လူကို ရောင်းထုတ်ဖို့ ဖလူမီးနက်စ်က ငြင်းဆန်ခဲ့ကာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

Mario Bittencourt ကပဲ “ လီဗာပူးအသင်းထံကနေ အန်ဒရေးအတွက် ယူရို သန်း ၃၀ တန် ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ကျနော်တို့ ငြင်းဆန်ခဲ့ပါတယ်။

အင်္ဂလန်ကလပ် (ဖူလ်ဟမ်) ထံက သူ့အတွက် ကမ်းလှမ်းမှု ထပ်ရပေမယ့် ယူရို သန်း ၃၀ ထက် နည်းခဲ့ပါတယ်။ ကျနော်တို့နဲ့ အန်ဒရေးကြား ဆက်ဆံရေးကောင်း ရှိတာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စ စိတ်မပူမိပါဘူး ” လို့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။