တနင်္ဂနွေည အီတီဟက်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ အိမ်ရှင် မန်စီးတီးကပဲ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူကာ ၃ မှတ် အပြည့် ရသွားခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းလုံး အကောင်းဆုံး လူစာရင်းတွေကို ထုတ်လာခဲ့ပြီး ယူနိုက်တက်မှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ ဟွိုင်လန်းနဲ့ မက်ဂွဲရားတို့ ဒဏ်ရာတွေကြောင့် မပါနိုင်ခဲ့တာကို မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ စီးတီးတို့ ကစားပုံကောင်းပေမယ့် ယူနိုက်တက်ရဲ့ ကစားကွက် ပြင်ဆင်လာမှုကလည်း ကျစ်လစ် ကောင်းမွန်ခဲ့ပါတယ်။ ဘောလုံးကိုင်မကစားနိုင်ကြောင်း သိထားတာမို့ ကောင်တာတွေကနေ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့တယ်။

အဖွင့်ဂိုးမှာဆိုရင် စီးတီးဘက်က ပေါ့ဆတဲ့ အခြေအနေကို အိုနာနာ၊ ဖာနန်ဒက်စ်တို့ ကစားကွက် တည်ဆောက်ပြီး ရက်ဖိုဒ့်က ဦးဆောင်ဂိုး စယူခဲ့ပါတယ်။

ပထမပိုင်းမှာတင် စီးတီးတို့ ခြေပဂိုး ပြန်ရနိုင်မယ့် အခွင့်အရေးတွေ ရှိပေမယ့် ဟာလန်း၊ ဒီဘရိုင်းတို့ရဲ့ အဆုံးသတ်ချက်တွေက လွဲချော်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ကျပ်တည်းစွာ ပြိုင်ဆိုင်နေရခြင်းကြောင့် စီးတီးတို့ ဖိအားအနည်းငယ် ရှိခဲ့ပေမယ့် ရက်ဖိုဒ့်သွင်းတဲ့ ဦးဆောင်ဂိုးကပဲ သူတို့ရဲ့ နိုင်လိုစိတ်ကို လှုပ်နိုးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ စီးတီးကို မြင်ခဲ့ရပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ဖိုဒန်ရဲ့ ထိုးဖောက်ချက်တွေဟာ ယူနိုက်တက်ကို ပြိုလဲစေခဲ့ပါတယ်။

ယူနိုက်တက်က ဒုတိယပိုင်းမှာ အတော်လေး အမှားများခဲ့သလို နည်းပြတန်ဟက်ရဲ့ လူစားလဲမှုတွေ မှားယွင်းတာကြောင့် ပေးဆပ်ခဲ့ရပါတယ်။ အမရာဘတ်ရဲ့ အာရုံစူးစိုက်မှု အားနည်းချက်ကလည်း လက်ဖျားခါလောက်စရာပါ။

အခုဆိုရင် စီးတီးက လီဗာပူးနောက် ၁ မှတ်အကွာကို ပြန်ကပ်သွားခဲ့ကာ ကြားရက်မှာ အာဆင်နယ်တို့ ပြန်လိုက်တဲ့ အလှည့် ဖြစ်ပါလိမ့်မယ်။