မနေ့ ညက အီတီဟက်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ ၃-၁ ရလဒ် ထွက်ပေါ်ခဲ့ကာ အိမ်ရှင် မန်စီးတီးကပဲ အနိုင် ၃ မှတ် အပြည့် ရသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲ ပထမပိုင်းမှာ ရက်ဖို့ဒ် သွင်းဂိုးနဲ့ ယူနိုက်တက်တို့ အရင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပေမယ့် စီးတီးက ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းယူကာ ကွာခြားလွန်းတဲ့ ကွာလတီနဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချက်က ယူနိုက်တက်ဟာ လုပ်နိုင်သလောက်တော့ လုပ်သွားကြောင်း ဖေးမ ပြောဆိုခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က ခံစစ် အတော် ကောင်းကောင်း ကစားသွားနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ အဲဒါကို မိနစ် ၉ဝ လုံးတော့ မလုပ်နိုင်ခဲ့ဘူးပေါ့။ အဆုံးမှာတော့ ကွာလတီက ပြသွားတာပဲ။

သူတို့က လုံးဝကို ခြားနားတဲ့ နှစ်သင်း ဖြစ်သွားပြီ။ မန်ချက်စတာ စီးတီးက သူတို့ ကွာလတီနဲ့ ယူနိုက်တက်ကို အပြတ် ချေမှုန်းပြသွားတယ်။ ” လို့ မီကာရစ်ချက်က သုံးသပ်စကား ဆိုခဲ့ပါတယ်။

ဘီဘီစီမှ သုံးသပ်သူ ခရစ်ဆက်တန်ကတော့ မန်ချက်စတာ နှစ်သင်းကြား ကွာဟချက်က သိပ်ကို ကြီးသွားပြီ လို့ ပွဲ အပြီးမှာ သုံးသပ်ခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က မန်စီးတီး နောက်မှာ အများကြီး ပြတ်ကျန်ရစ်ခဲ့ပြီ။ စီးတီးက ဒီပွဲကို ထိုက်ထိုက်တန်တန် နိုင်သွားတာပါ။

ဒီပွဲ ဂိုးရလဒ်က အခုထက် ပိုပြတ်သွားမယ်တောင် ကျွန်တော် ထင်ခဲ့တာ။ ခင်ဗျားသာ ယူနိုက်တက် ဖန် တစ်ယောက် ဆိုရင် ‘ မန်စီးတီးကို ခပ်မြန်မြန် မှီအောင် ပြန်လိုက်ဖို့ ဘာတွေ ဘယ်လိုတောင် လုပ်ရတော့မှာလဲ’ လို့ တွေးနေ လောက်ပါပြီ။ ဒီနှစ်သင်းကြား class က အရမ်းကို ကွာသွားပြီ။ ” လို့ ဆက်တန်က ပြောဆိုခဲ့ပါတယ်။