မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရအပြီးမှာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူ့အသင်းသား တစ်ဦးကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးပါတယ်။

ရက်ဖို့ဒ်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ယူပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဖိုဒန်က ခြေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာပါ။

အင်္ဂလန်ကြယ်ပွင့်လေး ဖိုဒန်ဟာ ပိုမို ရင့်ကျက်တဲ့ ကစားသမားအဖြစ် တောက်ပလာနေတာကြောင့် ဒီဘရိုင်း၊ ဟာလန်းတို့ထက်တောင် ဂွာဒီယိုလာက ပိုပြီး အမှတ်ပေးနေပြီ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ” ဖိုဒန်က အရည်အချင်းရှိတဲ့ ကစားသမားပါ။ အခုဆိုရင် သူက ပိုပြီး ရင့်ကျက်လာနေပြီ၊ ပွဲတွေကို ပိုနားလည်လာနေပြီ အထူးသဖြင့် ခံစစ်ပိုင်းမှာပေါ့။

သူက ကွင်းလယ်၊ ညာခြမ်းနဲ့ အတွင်းထဲ ဝင်ကစားနိုင်စွမ်း ရှိတယ်။ ဘယ်ခြမ်းက တစ်ဆင့် ထိုးဖောက်ပြီး ဂိုးတွေ သွင်းနိုင်တယ်။ အခုချိန်မှာ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ ” လို့ ထုတ်ပြောခဲ့တယ်။

မန်ချက်စတာ ဒါဘီမှာ ဦးဆောင်ဂိုး စသွင်းခဲ့တာက ယူနိုက်တက်ဖြစ်ပြီး တန်ဟက်ရဲ့ အသင်းဟာ တိုက်စစ် ကူးပြောင်းပုံ မြန်ဆန်တယ်လို့ ဂွာဒီယိုလာက ချီးကျူးပါတယ်။

” ယူနိုက်တက်ဟာ တိုက်စစ် ခံစစ် အပြောင်းအလဲတွေအတွက် တည်ဆောက်ထားတာပါ။ အဲ့အခြေအနေတွေကနေ ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။

ကျနော်တို့ အခြေအနေ မကောင်းတဲ့ အနေအထားတွေမှာ သူတို့က တိုက်စစ်ဆင်နိုင်စွမ်း ရှိပါတယ်။ ဒုတိယ ဂိုး ရသွားခဲ့ရင် ပိုခက်ခဲသွားမှာပါ ” လို့ မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။