အာဆင်နယ်အသင်းဟာ မနေ့ညက ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာ ဂိုးဒါဇင်ဝက်ထိ သွင်းကာ ၆-ဝ နဲ့ နိုင်ခဲ့ပါတယ်။

ဂန်းနားတို့ အတွက် ဂိုးတွေကို အိုဒီဂတ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ ရိုက်စ်၊ ဘန်ဝှိုက်တို့က တစ်ဂိုးစီ သွင်းခဲ့သလို OG လည်း တစ်ဂိုး ရခဲ့ပါတယ်။ နေရာစုံ လူစုံကနေ အခုလို ဂိုးများများ ရလိုက်တာက အာဆင်နယ် အတွက် အားရစရာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပထမပိုင်း ၂၅ မိနစ် အတွင်းမှာတင် ၄ ဂိုး သွင်းခဲ့တာ ဖြစ်ပြီး ပွဲချိန်ဝက်မှာ ၅-ဝ နဲ့ ဦးဆောင်ထားခဲ့တာပါ။ ဂိုးသွင်းအားကောင်းကောင်း လုပ်ပြနေတာက ဂန်းနားတို့ ပြိုင်ဘက်တွေ အတွက် ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။

ဒီ ဂိုးဒါဇင်ဝက် နိုင်ပွဲ အပြီးမှာ အာဆင်နယ်က ရမှတ် ၆၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ဆက်ရှိနေပေမယ့် ဂိုးကွာခြားချက်မှာ ၄၅ ဂိုးထိ ရခဲ့တာကြောင့် အတော် အခြေအနေကောင်းသွားပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ လီဗာပူးက GD ၃၉ ဂိုး၊ ရမှတ် ၆၃ မှတ် နဲ့ ပထမ နေရာမှာ ရှိနေပြီး မန်စီးတီးကတော့ GD ၃၅ ဂိုး၊ ရမှတ် ၆၂ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အားအကောင်းဆုံး ဒီ ၃ သင်းဟာ ရမှတ် အရ အများကြီး မကွာသွားဘဲ အတူတူ ထွက်နေရင် ဂိုးကွာခြားချက်တွေက ချန်ပီယံ ဖြစ်ဖို့ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အာဆင်နယ်ကတော့ အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ ဆုံရင် လုံးဝ မညှာဘဲ ဂိုးကို ရသလောက် သွင်းနေပြီး ဂိုး ကွာခြားချက်ကို + ကြီးကြီး ထွက်အောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။