လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးကတော့ ဆုဖလားတွေ ရတာချင်း တူရင်တော့ ပို ခက်ခဲကြပ်တည်းတဲ့ အနေအထား ရှိတဲ့ လီဗာပူး အသင်းရဲ့ ဆုဖလားတွေက ပိုပြီး အဓိပ္ပါယ်ရှိကာ တန်ဖိုးထားစရာ ဖြစ်နေတယ်လို့ စီးတီးရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ကာ သုံးသပ်သွားခဲ့ပါတယ်။

ထရန့်က Liverpool Echo မှာ လီဗာပူးရဲ့ ပြည်တွင်းပြိုင်ဘက်တွေအကြောင်း ပြောရင်း မန်စီးတီး နဲ့ အခုလို နှိုင်းယှဉ် ပြောဆိုလာတာပါ။

” နိုင်ဖို့အတွက်ပဲ တည်ဆောက်ထားတဲ့ စက်တစ်လုံးကို ကျွန်တော်တို့က ထိပ်တိုက် ရင်ဆိုင်နေရတာမျိုးပါ။ ဒါက ခက်ခဲပါတယ်။ စီးတီးနဲ့ သူတို့ အစုအဖွဲ့ကို အဓိပ္ပါယ်ဖို့ကလည်း ဒီလို အညွှန်းက အရိုးရှင်းဆုံးပဲ မလား။

ဒီဘက်ခေတ်ကို ကြည့်မယ် ဆိုရင် သူတို့ ကျွန်တော်တို့ထက် ဖလားတွေ ပိုရထားတယ်။ ပို အောင်မြင်နေတယ် လို့ ပြောလို့ ရတာပေါ့။

ဒါပေမယ့် ကျွန်တေ်ာတို့ ဆုဖလားတွေက ကျွန်တော်တို့ ပရိသတ်တွေ အတွက် အများကြီး အဓိပ္ပါယ် ပိုရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ ကလပ်နှစ်သင်းရဲ့ အနေအထားနဲ့ ဘဏ္ဍာရေး အခြေအနေတွေ ကြောင့်ပါ။

ဒီကလပ်နှစ်သင်း တည်ဆောက်ထားပုံ၊ အပြုအမူတွေပိုင်းအရ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေ ကြည့်မယ် ဆိုရင် လီဗာပူး ပရိသတ်တွေ အတွက် အသင်းရဲ့ အောင်မြင်မှုတွေက ပို အနှစ်သာရ ရှိနေမှာပါ။ ” လို့ ထရန့် အလက်ဇန်းဒါး အာနိုးက ဆိုပါတယ်။

မန်စီးတီးဟာ 2017-18 ဘောလုံးရာသီတည်းက စလို့ ပရီးမီးယားလိဂ် ကို လွှမ်းမိုးထားခဲ့တာပါ။ ဒီ ၆ ရာသီ အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ်ထိ စီးတီးက ဖြစ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆နှစ်တာ အတွင်းမှာ လီဗာပူး တစ်သင်းသာ 2019-20 ရာသီမှာ ချန်ပီယံ ဖြစ်ပြီး စီးတီးရဲ့ ပရီးမီးယားလိဂ် လွှမ်းမိုးမှုကို ရပ်တန့်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။