ကိုပင်ဟေဂင်ကို အနိုင်ရပြီး ကွာတားအဆင့်ကို တက်ရောက်သွားတဲ့ မန်စီးတီးဟာ ရှုံးထွက်မှာ တောင့်တင်းတဲ့ အသင်းတွေကို ရင်ဆိုင်ရနိုင်ချေ ရှိလာပါတယ်။

ဒီအဆင့်မှာ နိုင်ငံတူ အသင်းတွေလည်း ထိပ်တိုက်တွေ့လာနိုင်ပြီမို့ အင်္ဂလန်ပြည်တွင်း ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကလည်း စီးတီးတို့ ရင်ဆိုင်ရနိုင်တဲ့ ချန်ပီယံလိဂ် ပြိုင်ဘက်အသင်း ဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ချန်ပီယံဆု ကာကွယ်ရမယ်ဆိုပေမယ့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ မတွေ့ချင်သေးဘူးလို့ ပြောလာပါတယ်။

ဂွာဒီယိုလာက “ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရမယ်ဆိုရင် သူတို့က ချန်ပီယံလိဂ်မှာ သမိုင်းကြောင်း ကောင်းမွန်တဲ့အသင်း။ သူတို့ ချန်ပီယံလိဂ်ဖလား အများကြီး အနိုင်ရထားတာပါ။

သူတို့လို ပြိုင်ဘက်တိုင်းကို ကျနော်တို့ လေးစားပါတယ်၊ ကြောက်လည်း ကြောက်ပါတယ်။ ကျနော်တို့ မန်စီးတီးကို သူတို့ ဘယ်လို သဘောထားမလဲ မသိပေမယ့် သူတို့ကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရမှာ စိုးထိတ်မိတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ မနှစ်ကတော့ ရှုံးထွက်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူ ကျော်ဖြတ်ပြခဲ့တာ ဖြစ်ပါတယ်။