လီဗာပူးနဲ့ မန်စီးတီးတို့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဒိုကူရဲ့ အဝင်ကြမ်းမှုဟာ ပင်နယ်တီ မဖြစ်ခဲ့တာကြောင့် အစီအစဥ် တင်ဆက်နေတဲ့ ဂယ်ရီနဗီးက အံ့အားသင့်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ မက်ကယ်လစ္စတာရဲ့ ရင်ဘတ်ကို ဒိုကူက ခြေနဲ့ ဝင်ကန်ခဲ့တာဖြစ်ကာ သိသိသာသာ ခြေထောက်ကို မြှောက်ဝင်ခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကို VAR က ပြန်စစ်ခဲ့ပေမယ့် ဘာပြစ်ဒဏ်မှ မပေးခဲ့ပါဘူး။

ကွင်းလယ်ဒိုင် အိုလီဗာက VAR ဒိုင် Stuart Attwell ဆုံးဖြတ်ပေးတဲ့ ဖြစ်ရပ်ကို မကြေညာခင်မှာ ဒါဟာ ပင်နယ်တီပဲလို့ နဗီးက ယူဆခဲ့တာပါ။

ဖြစ်ရပ်ကို ပြန်ကြည့်နေစဉ် နဗီးက “ ဒိုကူကတော့ ဒုက္ခများပါပြီ။ သူ့ အသင်းဖော်တွေ အခြေအနေကိုလည်း ကြည့်လိုက်ကြဦး ” လို့ မှတ်ချက်ပေးခဲ့တယ်။

VAR စစ်ဆေးမှု အပြီးမှာတော့ နဗီးက ” ဟား VAR စစ်တာ ပြီးသွားတာလား။ ငါတော့ ဒိုကူ အရမ်း ကံကောင်းသွားတယ် ထင်တာပဲ။ ကံကောင်းလိုက်တဲ့ ကောင်လေးကွာ ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဒီပွဲ သရေကျတာကြောင့် လီဗာပူးဟာ ဇယာထိပ်က အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အကွာဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပင်နယ်တီ မပေးတဲ့ ဖြစ်ရပ်ဟာ လီဗာပူးကို နစ်နာစေခဲ့တာဖြစ်ပါတယ်။