အိမ်ကွင်းမှာ အဲဗာတန်ကို ၂-၀ ဖြင့် အနိုင်ရခဲ့အပြီး ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဝင်ဖို့ ယူနိုက်တက် ပြန်လာပြီလို့ တိုက်စစ်သမား ဂနာချိုက ကြွေးကြော်လိုက်ပါတယ်။

ဒီပွဲအနိုင်ရအပြီး ယူနိုက်တက်ဟာ အဆင့် ၅ နေရာက စပါးထက် ၂ ပွဲပိုကစား ၃ မှတ်အကွာဖြင့် အဆင့် ၆ မှာ ရှိနေပါတယ်။ ဖာနန်ဒက်စ်၊ ရက်ဖိုဒ့်တို့ရဲ့ ပင်နယ်တီတွေကို ဖန်တီးပေးခဲ့တဲ့ ဂနာချိုကတော့ ပြိုင်ဘက်တိုင်းကို အနိုင်ယူမယ့်အကြောင်း သတိပေးလာခဲ့ပါတယ်။

ပွဲအပြီးမှာ ဂနာချိုက ” ပြီးခဲ့တဲ့ ၂ ပွဲကို ရှုံးထားခဲ့တော့ ဒီပွဲ အနိုင်ရဖို့က အရေးကြီးခဲ့ပါတယ်။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဒီပွဲ အနိုင်ရတာကို သိပ်ပျော်မိပါတယ်။

မန်နေဂျာက အခုကစလို့ ပွဲတိုင်းက ဖိုင်နယ်ပဲလို့ သတိပေးထားပါတယ်။ ကျနော်တို့ ပွဲတိုင်းကို အနိုင်ရအောင် ကစားမှာပါ။ ကျနော်တို့က မန်ချက်စတာ ယူနိုက်တက်ပါ။ ဒီနေ့မှာတော့ နိုင်ပွဲယူရမယ့် အလုပ်ကို ပြီးမြောက်ခဲ့ပါတယ်။

တစ်ဦးချင်း အခြေအနေတွေမှာ ကန်သွင်းတာ ဒါမှမဟုတ် ဖြတ်ကျော်ဖို့ ကြိုးစားတာ လုပ်ဖို့ မန်နေဂျာက မှာခဲ့ပြီး ကျနော် ပင်နယ်တီ ၂ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါက အရေးကြီးပါတယ်။

ကျနော် အသက်အရွယ်မှာ ဒါမျိုးက အိပ်မက်တစ်ခုပါပဲ။ အိုးထရတ်ဖိုဒ့် ကွင်းတစ်ခုလုံး ကျနော်နာမည်ကို အော်ဟစ် အားပေးကြတာက မယုံနိုင်စရာ ကောင်းပါတယ်။ ကျနော် အရမ်း ပျော်ပြီး အရမ်း ဂုဏ်ယူပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ပရီးမီးယားလိဂ် လက်ကျန်ပွဲ ၁၀ ပွဲအပြင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတွေပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။