ပရီးမီးယားလိဂ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖောက်ရင် ကလပ်တွေကို အမှတ်လျှော့တဲ့ ပြစ်ဒဏ်အား ပြန်လည် ပြင်ဆင်ဖို့ စဉ်းစားလာနေပါတယ်။

ဒီရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ ကုန်ခဲ့တဲ့ ၃ နှစ်အတွင်း ဘဏ္ဍာရေး ချိုးဖောက်ခြင်းတွေကြောင့် ၆ မှတ်နဲ့ ၄ မှတ်တွေ အနှုတ်ခံထားရပြီးပါပြီ။ ချန်ပီယံရှစ်မှ လက်စတာကလည်း တန်းဆင်းသွားပေမယ့် ရမှတ် နှုတ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတယ်။

ပရီးမီးယားလိဂ်ရဲ့ ကန့်သတ်ချက် ၁၁၅ ချက်ထိ ချိုးဖောက်ထားတဲ့ မန်စီးတီးကို အရေးယူဖို့ ပြင်ဆင်ထနေပါတယ်။

ပရီးမီးယားလိဂ်ကတော့ အမှတ်လျှော့မယ့်အစား ‘luxury tax’ လို့ ခေါ်တဲ့ ကလပ်တွေ ဘဏ္ဍာရေး ချိုးဖောက်ရင် မြင့်မားလှတဲ့ အခွန်ဆောင်ခိုင်းမယ့် ဥပဒေမျိုးကို ပြင်ဆင်ဖို့ စဉ်းစားလာနေပြီဖြစ်ပါတယ်။

ကလပ်တွေဟာ ငွေသုံးကြမ်းသလောက် ဒဏ်ငွေဆောင်ရနှုန်း မြင့်မှာဖြစ်ကာ အဆိုပါ ငွေကြေးတွေနဲ့ ဘဏ္ဍာရေး ပြဿနာတွေတက်နေတဲ့ အင်္ဂလန် အောက်တန်းလိဂ်တွေကို ကယ်တင်ဖို့ အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းက စဉ်းစားလာပါတယ်။

ဒီစနစ်မျိုးကို အမေရိကန် မေဂျာလိဂ် ဘေ့စ်ဘောနဲ့ NBA တို့မှာ ကျင့်သုံးနေတာမျိုး မြင်ထားရပြီး ပရီးမီးယားလိဂ်က အင်္ဂလန်မှာ အသုံးချဖို့ ရည်ရွယ်လာပါတယ်။

ပရီးမီးယားလိဂ်ကတော့ လုပ်ခလစာ၊ ပြောင်းရွှေ့ကြေးနဲ့ အေးဂျင့်ခတွေကို ကလပ်ဝင်ငွေ စုစုပေါင်းရဲ့ ၇၀% မကျော်ဘဲ အသုံးပြုခွင့်မျိုး ခွင့်ပြုပေးဖို့လို ကိစ္စမျိုးကိုပါ စဉ်းစားနေတယ်လို့ သိရပါတယ်။