ဒီအပတ် အိုးထရတ်ဖိုဒ့်ကွင်းကို လီဗာပူးနည်းပြအဖြစ် နောက်ဆုံးအကြိမ် သွားရောက်ရမယ့် နည်းပြကလော့ပ်က အနိုင်ကန်ဖို့ကလွဲလို့ နှုတ်ဆက်ပွဲလို အခြားသော ခံစားချက်မျိုး ထွေထွေထူးထူး မရှိဘူးလို့ ပြောလာပါတယ်။

လက်ကျန် ၈ ပွဲမှာ ပွဲစဉ် အားလုံး အနိုင်ရရင် ချန်ပီယံဖြစ်မှာမို့ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်ယူဖို့ကလွဲလို့ အခြား ဘာကိုမှလည်း အာရုံစိုက်နေရမှာ မဟုတ်ပါဘူး။ အိုးထရတ်ဖိုဒ်မှာ လွယ်လွယ်ရမှာဆိုလို့ ဒုက္ခတွေပဲ ရှိပါလိမ့်မယ်။

ကလော့ပ်က ” အိုးထရတ်ဖိုဒ့်ဟာ သိပ်ကောင်းတဲ့ကွင်းပါ။ ယူနိုက်တက်ဟာ သိပ်ကောင်းတဲ့ အားပေးမှုတွေရှိတဲ့ အသင်းကြီးပါ။

ဒါက သူတို့နဲ့ ရင်ဆိုင်ရမယ့် နောက်ဆုံး အကြိမ်ဆိုပြီး ထွေထွေထူးထူး ခံစားချက်တွေ မရှိပါဘဲ ပုံမှန်အတိုင်း ပွဲကိုချဉ်းကပ်မှာပါ။ ကျနော်တို့အတွက်၊ ကျနော်တို့ လူတွေအတွက် ဒီပွဲက အရေးကြီးပါတယ်။

ဒီပွဲအတွက် အာရုံစိုက်ထားပါတယ်။ ကျနော်တို့ ယှဉ်ပြိုင်ချင်ပါတယ်။ အိုထရတ်ဖိုဒ့်ကို သွားပြီး အနိုင်ရဖို့ဆိုတာ စိန်ခေါ်မှုကြီးပါ ဒါပေမယ့် ကျနော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် လီဗာပူးကိုတော့ ခါးသီးပြိုင်ဘက်အဖြစ် ဒုက္ခပေးလာဦးမှာပါ။ ဒီရာသီ ၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ အသင်းက နိုင်ပွဲမရခဲ့ပါဘူး။ ဒါကြောင့် အနိုင်ရဖို့ သိပ်ကောင်းကောင်းကစားဖို့ လိုပါတယ်။

နည်းပြကလော့ပ်က ” ကျနော်တို့ ယူနိုက်တက်ကို ပြဿနာတွေပေးဖို့ နည်းလမ်းရှာရပါမယ်။ ယူနိုက်တက်ကလည်း ကျနော်တို့ကို ပြဿနာပေးမှာပါ။ ယူနိုက်တက်ကို အိုးထရတ်ဖိုဒ့်မှာ ရင်ဆိုင်ပြီး အနိုင်ရချင်တယ်ဆိုရင် ကျနော်တို့ဘက်က သိပ်ကောင်းတဲ့ပွဲကို ကစားဖို့ လိုပါတယ် ” လို့ သတိပေးခဲ့တာဖြစ်ပါတယ်။