အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့ပြီးနောက် နည်းပြကလော့ပ်က ရလဒ်ကို စိတ်ပျက်နေပေမယ့် တည်တည်ငြိမ်ငြိမ်ဖြင့် လက်ကျန် ၇ ပွဲကို ယှဉ်ပြိုင်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ အပြတ်အသတ် အသားစီကစားနိုင်ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက်က လီဗာပူးရဲ့ အမှားတွေကနေ ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ယူသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးတို့ နောက်ကလိုက်ကစားခဲ့ရကာ ဆာလာ ပင်နယ်တီကနေ ခြေပဂိုး ယူပေးခဲ့ပေမယ့် ပွဲကို အနိုင်ရမယ့် သွင်းဂိုးတော့ ထပ်မရခဲ့ပါဘူး။

ပွဲအပြီးမှာ နည်းပြကလော့ပ်က “ ဒီပွဲက ကျနော်တို့ တစ်သင်းတည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ခဲ့သင့်တာ ရှင်းပါတယ်။

ပထမပိုင်းမှာ ဂိုးတွေ ပိုရခဲ့သင့်ပါတယ်။ ယူနိုက်တက်က ပထမပိုင်းအတွက် ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ်မှတောင် ရှိခဲ့တာ မဟုတ်ပါဘူး။

ယူနိုက်တက်ကို ရင်ဆိုင်ပြီး ၁ မှတ်ရခဲ့ပါတယ်။ လူတွေက ၂ မှတ် ဆုံးရှုံးတယ် မြင်ပါတယ်။ ကျနော်ကတော့ ပွဲမစခင်ထက် ၁ မှတ် တိုးလာတယ် မြင်ပါတယ်။အပြင်ဘက်က လောကကြီးက စိုးရိမ်နေကြမှာပါ။ ကျနော်တို့ တည်တည်ငြိမ်ငြိမ် ရှိရပါမယ်။ ” လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီပွဲအပြီး လီဗာပူးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ရမှတ်တူပေမယ့် သွင်းဂိုး ကွာခြားချက်ကြောင့် ဒုတိယနေရာကို ဆင်းခဲ့ရတာဖြစ်ပါတယ်။