ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ မှာ ယူနိုက်တက်က ဘုန်းမောက်ကို ၂-၂ သရေကျခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ မဖြစ်နိုင်သလောက် အနေအထားကို ရောက်လာခဲ့ပါပြီ။

ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ ၃ ပွဲသရေကျထားပြီး ၁ ပွဲ ရှုံးနိမ့်ထားကာ အခြေအနေ ဆိုးရွားနေတာပါ။ ဒါကြောင့်ပဲ မကြာခင် ချယ်ဆီးအသင်း ကျော်တက်သွားခြင်းကို ခံရဖွယ် ရှိလာပါတယ်။

အဆင့် ၇ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်နဲ့ အဆင့် ၉ မှာ ရှိနေတဲ့ ချယ်ဆီးကြား ရမှတ်ကွာဟမှု ၆ မှတ် ရှိနေတာပါ။ ဒါပေမယ့် ချယ်ဆီးက လက်ကျန်ပွဲ ၂ ပွဲ ကျန်ရှိနေသေးသလို ဂိုးပေါင်းမှာလည်း ယူနိုက်တက်လို အနုတ်ပြနေတာ မဟုတ်ဘဲ အပေါင်း ၃ ဂိုး ရှိထားတာဖြစ်ပါတယ်။

ချယ်ဆီးအနေနဲ့ လက်ကျန် ၂ ပွဲ အနိုင်ရရင် ယူနိုက်တက်နဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် အဆင့် ၇ နေရာကို ဝင်ယူလာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၆ နေရာက နယူးကာဆယ်ကလည်း ရမှတ် ၅၀ ပဲ ရှိထားတာပါ။

ပရီးမီးယားလိဂ် အဆင့် ၅ ဝင်ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်သလို အဆင့် ၆ နေရာက အသင်းဟာ ယူရိုပါလိဂ်ထံ ပါဝင်ခွင့်ရဖွယ် ရှိနေတာဖြစ်ပါတယ်။