လီဗာပူးအသင်းဟာ ဒီနွေ အပြောင်းအရွှေ့မှာ ဘယ်သူမှ မထင်ထားတဲ့ အပြောင်းအရွှေ့ အဖြစ် ဂျပန်လက်ရွေးစင် ဝါတာရု အန်ဒိုကို စတုဂတ်ကနေ ပေါင် ၁၆ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက အန်ဒိုကို စိတ်ဝင်စားခြင်း မရှိသလို လီဗာပူးကိုယ်တိုင်က ကနဦးမှာ အန်ဒိုကို ခေါ်ယူလိုခြင်း မရှိပါဘူး။ ကိုင်ဆီဒိုနဲ့ လာဗီယာ အပြောင်းအရွှေ့ မဖြစ်မြောက်ချိန်မှ ဒေတာအဖွဲ့ရဲ့ အားကိုးနဲ့ အသက် ၃၀ အရွယ် အန်ဒိုကို ခေါ်ခဲ့တာပါ။

အပြောင်းအရွှေ့ ခပ်မြန်မြန်ဖြစ်လာဖို့အတွက် ဂျာမနီပိုင်း ကျွမ်းကျင်တဲ့ ဂျော့ရှမတ်ကီက ပါဝင်ကူညီခဲ့ပါတယ်။ လီဗာပူးအသင်းက အန်ဒိုကို ဘယ်လိုဖြစ်ပြီး ခေါ်ယူခဲ့သလဲ ဆိုတာကို David Ornstein က ရှင်းပြခဲ့ပါတယ်။

“ ဒီကနေ့ခေတ် ကင်းထောက်တွေရဲ့ သဘောသဘာဝအရ ကစားသမား တစ်ဦးအပေါ် အပြိုင်အဆိုင် စောင့်ကြည့်ကြမှုတွေ အများကြီး ရှိပါတယ်။

ဒါပေမယ့် အန်ဒိုဟာ အခြားအသင်း လူသစ် ခေါ်ယူရေး တာဝန်ရှိသူတွေအတွက် နည်းစနစ်ပိုင်းအရကော၊ အသက်အရွယ်အရရော မြင့်မြင့်မားမား သတ်မှတ်ခံရသူထဲ မပါပါဘူး။

သူ့ရဲ့ အသက်အရွယ်၊ တိုးတက်မှုနှုန်း၊ ငွေကြေးပိုင်း အကျိုးဖြစ်မှုဗတွလို အကြောင်းပြချက်တွေမှာလည်း အန်ဒိုက ဘယ်အသင်းအတွက်မှ အံ့မဝင်နိုင်ပါဘူး။

လီဗာပူးဒေတာအဖွဲ့ကတော့ အန်ဒိုနဲ့ ပတ်သက်ပြီး အခြားအသင်းတွေ မမြင်တာမျိုးကို မြင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သူတို့ ရှာနေတဲ့ နေရာအတွက် အန်ဒိုက အံ့ဝင်မယ်လို့ မြင်တာမျိုးလည်း ဖြစ်နိုင်ပါတယ် ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။