အဓိကပြိုင်ပွဲကနေ ထွက်ရပေမယ့် အာဆင်နယ်က လဲပြိုသွားမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ကို အာရုံစိုက်သွားမယ်လို့ နည်းပြအာတီတာက ပြောပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးနောက် ၂ မှတ်အကွာမှာ ရှိနေတာမို့ ဖလားရနိုင်ချေ ရှိနေဆဲပါ။

မန်စီးတီး၊ အာဆင်နယ်တို့ ချန်ပီယံလိဂ်ကနေ ထွက်ရသလို လီဗာပူး၊ ဝက်စ်ဟမ်းကလည်း ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် နောက်ရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ် ၅ သင်း ပါဝင်ခွင့် မျှော်လင့်ချက်ဟာ ရေးရေးလေးပဲ ကျန်ရှိပါတော့တယ်။

အီတလီက UEFA coefficient မှာ ထိပ်ဆုံး ၂ နိုင်ငံထဲ ပါဝင်သွားဖို့ သေချာခဲ့ပါပြီ။ ကျန် ၁ နေရာကို ဂျာမနီနဲ့ အင်္ဂလန်တို့ အပြိုင်လုရမှာဖြစ်ကာ ထိပ်ဆုံး ၂ နိုင်ငံရဲ့ ပြည်တွင်းလိဂ်တွေဟာ ချန်ပီယံလိဂ် ၅ သင်း ပါဝင်ခွင့်တွေ ရကြမှာဖြစ်ပါတယ်။

The Athletic သတင်းထောက် David Ornstein ရဲ့ ဖော်ပြချက်အရဆိုရင် လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ သင့်လျော်သူကို ရွေးချယ်နေဆဲဖြစ်ပြီး အမ်မိုရင်း တစ်ဦးတည်းကို စောင့်ကြည့်နေတာ မဟုတ်ဘူးလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်အားဖြည့်ဖို့ လာမယ့် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်ခံစစ်မှူး ဘရီမာကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချဲလ်ဆီး ပရိသတ်တချို့ က ပင်နယ်တီလုကန်ပြီး ကစားသမားတွေကြား ကတောက်ကဆဖြစ်စေတဲ့ ဂျက်ဆင်နဲ့ မက်ဒူးကီတို့အား ထိုက်သင့်တဲ့ ပြစ်ဒဏ် တချို့ ပေးဖို့ အလိုရှိနေကြပေမယ့် နည်းပြပိုချက်တီနိုက အရေးယူမှု ပြုလုပ်မှာ မဟုတ်ပါဘူး။