ဧပရယ်လအတွင်းမှာ လီဗာပူးအသင်းဟာ ကလော့ပ်နေရာ ဆက်ခံမယ့် နည်းပြသစ်ကိစ္စ ပိုမို လှုပ်ရှားလာနေပြီဖြစ်ကာ မကြာခင်မှာတော့ အင်တာဗျူးမှုတွေ ရှိလာတော့မှာပါ။

The Athletic သတင်းထောက် David Ornstein ရဲ့ ဖော်ပြချက်အရဆိုရင် လီဗာပူးအသင်းဟာ နည်းပြလောင်းစာရင်းထဲကနေ အသင်းအတွက် သင့်လျော်သူကို ရွေးထုတ်ဖို့ အသေအချာ လုပ်ဆောင်နေပါတယ်။

အခုချိန်ထိ အမ်မိုရင်းက အခြေအနေကောင်းနေပေမယ့် ပေါ်တူဂီဘက်က ဖော်ပြနေသလိုမျိုးတော့ သူ့ကိုပဲ ကြိုးစားမယ်၊ သူကပဲ လီဗာပူးအသင်း ရွေးချယ်ထားတဲ့ ဦးစားပေး နည်းပြဆိုတာမျိုး မဟုတ်ပါဘူး။

မန်နေဂျာသစ်ရှာဖွေခြင်းဟာ လီဗာပူး အမှတ်တံဆိပ်နဲ့ သင့်လျော်သူ၊ မှန်ကန်တဲ့ ကစားဟန်ကို ဖော်ဆောင်ပေးနိုင်သူဖြစ်ဖို့နဲ့ လီဗာပူးအသင်းကို တိုးတက်လာစေဖို့ အမှန်တကယ် ဦးဆောင်နိုင်စွမ်း ရှိမယ့်သူကို ရှာဖွေဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အသင်းဒေတာအဖွဲ့က ရှာဖွေဖော်ထုတ်ထားတဲ့ နည်းပြအားလုံးကို အသင်းဘက်က တန်းတူ အခွင့်အရေးပေးပြီး တူညီတဲ့ အကဲဖြတ်မှုတွေနဲ့ စစ်ထုတ်သွားမှာဖြစ်ပါတယ်။

အခုချိန်ထိတော့ လီဗာပူးနည်းပြလောင်းစာရင်းမှာ အမ်မိုရင်းလောက် ချွန်ထွက်ပြီး နာမည်ရလာသူမျိုး ထပ်မကြားရသေးပါဘူး။ ဘရိုက်တန်နည်းပြအပြင် ယူရိုပါလိဂ်ပြိုင်ဘက် အတ္တလန်တာနည်းပြဟာလည်း လီဗာပူးရာထူးနဲ့ သတင်းအချို့ရှိထားတာမို့ အသင်းရဲ့ စိစစ်မှုဟာ ထင်ထားတာထက် ပိုကျယ်ပြန့်ဖွယ် ရှိပါတယ်။

လီဗာပူးဘက်ကတော့ ဝါရင့် နည်းပြထက်စာရင် အလားအလာရှိ လူငယ်နည်းပြ တစ်ဦးဦးနဲ့ပဲ အလုပ်လုပ်လိုပြီး အတိတ်တုန်းကလည်း ဘရန်ဒန် ရော်ဂျာ၊ ယာဂင်ကလော့ပ်တို့ဟာ တိုးတက်ဆဲ နည်းပြတွေအဖြစ် အသင်းကို ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။