ယာဂင်ကလော့ပ်နေရာ ဆက်ခံမယ့်သူလို့ နာမည်ကြီးခဲ့တဲ့ စပို့တင်းနည်းပြ အမ်မိုရင်းဟာလည်း ရေပန်းစားမှုကနေ ထွက်ခွာသွားပြီဖြစ်ကာ လီဗာပူးနည်းပြသစ် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ဇာဗီ အလွန်ဆို၊ ဂျူလီယန် နာဂယ်စမန်းတို့ မပါတော့တဲ့ လီဗာပူးနည်းပြလောင်း စာရင်းမှာ အမ်မိုရင်းပါ ဖယ်ထုတ်ခံရတဲ့နောက် ဘယ်သူက ကလော့ပ်နေရာ ဆက်ခံမှာလဲ? ဆိုတဲ့ မေးခွန်းဟာ အတော်လေး ကျယ်ပြန့်လာပါတယ်။

ကျနော်တို့ သိထားရသလောက်ကတော့ လီဗာပူးအသင်းရဲ့ နည်းပြလောင်း ရှာဖွေရေးအဖွဲ့ဟာ ဒေတာအဖွဲ့နဲ့ပူးတွဲပြီး မိုက်ကယ်အတ်ဝပ်၊ ရက်စ်ချက်ဟုချ်တို့ ဦးဆောင် လုပ်ရှားနေတာဖြစ်ပါတယ်။

၎င်းအဖွဲ့ကတော့ မန်နေဂျာလောင်းတိုင်းကို တူညီတဲ့ အခွင့်အရေး ပေးမှာဖြစ်ပြီး ကလပ် ရေးဆွဲထားတဲ့ လမ်းပြမြေပုံနဲ့ ကိုက်ညီမယ်ဆိုရင် နာမည်မကြီးလည်း တာဝန်ပေးမယ်လို့ သိထားရပါတယ်။

လက်တလောမှာတော့ ဖီယင်နုနည်းပြ အန်းစလော့ဟာ အခြားသော နည်းပြလောင်းလျာတွေကို ကျော်ဖြတ်ပြီး ရေပန်းစားမှု ထိပ်ဆုံးကို တက်လာခဲ့ပါပြီ။ ဒါ့အပြင် ဖူလ်ဟမ်နဲ့ လီဗာပူးပွဲစဉ်ကို တက်ရောက် ကြည့်ရှုခဲ့တဲ့ မော်ရင်ညိုပါ လီဗာပူးနည်းပြဖြစ်လာနိုင်သူ စာရင်းထဲ ပါဝင်လာပါတယ်။

အန်းစလော့နောက် ဒုတိယနေရာမှာ ဒီဇာဘီရှိနေကာ တတိယနေရာမှာတော့ ဝုဗ်နည်းပြ ဂယ်ရီအိုနေးနဲ့ မော်ရင်ညိုဖြစ်ပါတယ်။ စတုတ္ထနေရာမှာ သောမက်စ် တူချယ်ရှိနေပြီး သီယေဂို မော်တာနဲ့ အူနိုင်း အမ်မရီတို့ကလည်း လီဗာပူး စာရင်းထဲ ပါဝင်နေပါတယ်။

ဒီအပတ်တွေဟာ လီဗာပူးနည်းပြရာထူးအတွက် အင်တာဗျူး စတင်တဲ့ ကာလလို့ သိထားရတာကြောင့် ဧပရယ် မကုန်ခင် သတင်းသစ်တွေ ထပ်ကြားလာရဖို့ ရှိနေပါတယ်။