ဝက်စ်ဟမ်း ၂-၂ လီဗာပူး ပွဲစဉ်အတွင်း လူစားလဲ ဝင်ရောက်ဖို့ ပြင်ဆင်နေချိန်မှာ ကလော့ပ်နဲ့ မိုဆာလာတို့ စကားများမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီတလောမှာ တိုက်စစ်မှူး ဆာလာဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခြင်းနဲ့အတူ ဝက်စ်ဟမ်းပွဲမှာတော့ အရန်စာရင်းကပဲ ပါဝင်ခွင့်ရခဲ့တာပါ။ သူ့ကို လူစားဝင်စေမယ့် အခိုက်အတန့် လောက်မှာပဲ လီဗာပူးက ခြေပဂိုး ပေးလိုက်ရပါတယ်။

ဆာလာ ဝင်ခါနီး ကလော့ပ်က စကားတစ်ခွန်း သွားပြောခဲ့ကာ တိုက်စစ်သမားက ဒေါသတကြီးဖြင့် တုန့်ပြန်မှုတွေ လုပ်ခဲ့လို့ ဒါဝင် နူးညက်စ်က ကြားဝင် ဟန့်တားခဲ့ရပါတယ်။

ပွဲအပြီးမှာ မိုဆာလာက ” ဘာဖြစ်ခဲ့လဲ ငါပြောပြရင် ပြဿနာတွေ တတ်ကုန်လိမ့်မယ် ” လို့ပဲ ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်ကတော့ သူတို့ကြား ဘာဖြစ်ခဲ့လဲဆိုတာအတွက် ” ငါ ထုတ်ပြောမှာ မဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာ ဒီကိစ္စ စကားပြောခဲ့ပြီးပါပြီ။ ငါ့အတွက်တော့ ဒီကိစ္စက ပြီးသွားပါပြီ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ရာသီကုန်မှာ နည်းပြကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာသွားတော့မှာပါ။ ဆာလာ ကိုယ်တိုင်ကလည်း လီဗာပူးနဲ့ ၁ နှစ် စာချုပ်ပဲ ကျန်ရှိနေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြသထားတဲ့ ဆာလာရဲ့ ခြေစွမ်းတွေအရ နောက်ရာသီမှာ သူ လီဗာပူးနည်းပြသစ်နဲ့အတူ ရှေ့ဆက်ခွင့်ရဖို့ အခွင့်အရေး သိပ်နည်းသွားပြီလို့ သုံးသပ်လာနေကြတာ ဖြစ်ပါတယ်။