အာဆင်နယ်အသင်းဟာ မန်စီးတီးကနေ ထွက်ခွာနိုင်ကြောင်း သတင်းတွေ ထွက်ထားတဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို အခြားသော ဥရောပကလပ်တွေနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားလိုနေပါတယ်။

ပေါ်တူဂီသားရဲ့ စာချုပ်မှာ ပေါင် သန်း ၅၀ ပေးရင် ခေါ်ယူခွင့် ပါဝင်ထားပြီး အာဆင်နယ်ဘက်က ဘာနာဒိုကို မန်စီးတီးကနေ ဆွဲထုတ်လို့ ရနိုင်မလား အခွင့်အရေးကို စတင် စုံစမ်းနေပါတယ်။

ရာသီစတုန်းက ဘာနာဒို ဆေးဗားဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှု ရခဲ့ပေမယ့် ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ်ကို လက်မှတ်ထိုးထားတာပါ။

စာချုပ်သစ်အရ ဘာနာဒို ဆေးဗားကို ဘာစီလိုနာဘက်က ပေါင် သန်း ၅၀ ပေးရင် ထွက်ခွင့်ပေးဖို့ မန်စီးတီးက သဘောတူခဲ့တယ်။

သူ့ရဲ့ စာချုပ်မှာ အင်္ဂလန်ပြိုင်ဘက် အသင်းတစ်သင်းက ကမ်းလှမ်းခဲ့ရင်ကော တူညီတဲ့ ပမာဏဖြင့် ပေးပြောင်းဖို့ ပါဝင်မလားတော့ မသိရသေးပါဘူး။

မန်စီးတီးဟာ ဇင်ချန်ကိုနဲ့ ဂျေးဆုတို့ကို အာဆင်နယ်အသင်းထံ ရောင်းထုတ်ပေးခဲ့ကာ လန်ဒန်ကလပ်ကို သူတို့ရဲ့ အဓိက ပြိုင်ဘက်အဖြစ် အင်အားကောင်းလာစေခဲ့ပါတယ်။

တူညီတဲ့ အမှားမျိုးကို စီးတီးတို့ ပြုလုပ်ဖွယ် မရှိပေမယ့် အာဆင်နယ်ကတော့ ပြိုင်ဘက်အသင်း အဓိက ကစားသမားကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိရင် ကြိုးစားသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။