ပီတာ ရှမိုက်ကယ်ကတော့ နောက်ရာသီမှာ တန်ဟက်နေရာ အစားဝင်လာပြီး ယူနိုက်တက်ကို ကိုင်တွယ်ပေးဖို့ သင့်လျော်သူ တစ်ဦးကို ရွေးထုတ်လာပါတယ်။

ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ဖိအားတွေအောက် ရောက်နေတာနဲ့အတူ တန်ဟက်ဟာ ရာသီကုန်ရင် ရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။

အသင်းတွင်း တည်ငြိမ်မှုအရ ဆာဂျင်ရက်ကလစ်တို့ဟာ တန်ဟက်ကို ရာသီကုန်ထိ ဆက်ထိန်းထားပေမယ့် သူ့နေရာ အစားထိုးဖို့ နည်းပြသစ်ကို ရှာဖွေနေတာပါ။

ဇီဒန်း၊ အမ်မိုရင်း၊ ဒီဇာဘီတို့အပြင် ချယ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ ဂရေဟမ် ပေါ်တာနဲ့ သောမက်စ် တူချယ်တို့ကလည်း အိုးထရတ်ဖိုဒ့်ထံ ဝင်ရောက်လာနိုင်ကြသူတွေ ဖြစ်ပါတယ်။

‘ ကျနော်ကတော့ တူချယ်ကို သဘောကျပါတယ်။ သူနဲ့ အင်တာဗျူး ၂ ကြိမ် လုပ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဘောလုံးအမြင်က သိပ်ကို ထူးချွန်ပါတယ်။ ’ လို့ ယူနိုက်တက် ဂန္တဝင်ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်က ပြောပါတယ်။

ဂျာမာန်သားဟာ ပီအက်စ်ဂျီ၊ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့လို ကလပ်တွေကို ကိုင်တွယ်လာသူမို့ ထိပ်တန်းအသင်းတွေကို ဦးဆောင်ဖို့ အတွေ့အကြုံ ရှိသူပါ။

ရှမိုက်ကယ်က ‘ ကျနော်ကတော့ တူချယ်ကို သဘောကျတယ်။ သူ့မှာ တစ်ခုခုရှိနေတယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို သူသိတယ်။ လူတွေကို နှိုင်းယှဉ်တာမျိုး မဟုတ်ပေမယ့် သူက ကလော့ပ်လို နည်းပြမျိုးပါပဲ။ သူက တကယ့် ခေါင်းဆောင်ပဲ။ သူဘာလုပ်နေတယ်ဆိုတာ သိတဲ့ လူစားပါ ’ လို့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။