အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် ဟာ ပြီးသွားတဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီ အတွက် အာဆင်နယ် ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မဲ ၃၃ ရာခိုင်နှုန်း နဲ့ ရရှိ သွားခဲ့ပါတယ်။

မာတင် အိုဒီဂတ် အတွက်တော့ ဒီ အကောင်းဆုံး ကစားသမားဆုကို နှစ်ရာသီ ဆက်တိုက် ရရှိတာလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်းသမိုင်းမှာတော့ ရာသီဆက်တိုက် အကောင်းဆုံး ကစားသမား ဆု ကို ရရှိခြင်းမှာ အိုဒီဂတ် က ပဉ္စမမြောက် ကစားသမား ဖြစ်လာပါတယ်။ ယခင် နှစ်ရာသီဆက် ဆု ရဖူးသူတွေကတော့ Liam Brady, Ian Wright, Thierry Henry နဲ့ Bukayo Saka တို့ ဖြစ်ကြပါတယ်။

နော်ဝေသားဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် အသင်းရဲ့ ပြိုင်ပွဲစုံ ၅၂ ပွဲထဲမှာ ၄၈ ပွဲထိ ပါဝင် ကစားခဲ့ပါတယ်။ သွင်းဂိုး ၁၁ ဂိုး ရှိခဲ့ပြီး ဂိုးထောက်ပံ့မှုလည်း ၁၁ ကြိမ် ရှိခဲ့ပါတယ်။

ဒီနှစ် အကောင်းဆုံး ကစားသမား မဲပေးမှုမှာ အိုဒီဂတ် နောက် ဒုတိယ နေရာ ရခဲ့တာက ဒီကလန် ရိုက်စ် ဖြစ်ပြီး ဝီလီယံ ဆာလီဘာက တတိယ ရခဲ့ပါတယ်။

အိုဒီဂတ် ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆု ဆန်ကာတင် စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။