ပြင်သစ် နာမည်ကြီး ကြယ်ပွင့် တိုက်စစ်မှုး အမ်ဘာပေက အာဆင်နယ် နောက်ခံလူ ဝီလီယံ ဆာလီဘာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အတွက် ပွဲထွက်ခွင့် ရနိုင်တဲ့ အရည်အချင်းအားလုံးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘာပေက ဆာလီဘာနဲ့ ပဲရစ်မှာ ကျောင်းအတူတူ တက်ခဲ့ကြတာဖြစ်ပြီး သူတို့ ငယ်ဘဝ အကြောင်း အခုလို ဖွင့်ဟပြောဆို လိုက်ပါတယ်။

“သူနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက သိခဲ့ကြတာပါ။ ကျွန်တော်တို့က ဘွန်ဒီက မူလတန်းကျောင်းမှာ အတူတူတက်ခဲ့ကြတာပါ။ ကျွန်တော်တို့ မုန့်စားဆင်းချိန်ဆို ဘောလုံးအတူတူ ကစားခဲ့ကြတယ်။

ကျွန်တော်တို့က တစ်တန်းတည်း မဟုတ်တာတောင်မှပဲ သူက ကျွန်တော်တို့နဲ့ အတူ ကစားချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ကစားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီကတည်းက လူကောင်ကြီးနေပြီးသားပါ။

ပြီးတော့ သူ့ကို ဘွန်ဒီအသင်းမှာ ကျွန်တော့်အဖေက သူ့ကို လေ့ကျင့်ခဲ့တယ်။ ကျွန်တော်က သူ့ထက် ၃ နှစ်ကြီးတယ်။ အဲဒီတော့ သူ ဒီအချိန်အထိ တိုးတက်လာတာကို မြင်တွေ့ခဲ့ပြီး သူကစားတာ အနီးကပ်ကြည့်ခဲ့ရတယ်။

သူ့ကို လက်ရွေးစင်အသင်းထဲမှာ မြင်တွေ့ရတာက ကျွန်တော့်ကို တကယ်ပျော်ရွှင်စေခဲ့ပါတယ်။ ကျွန်တော် သူ့ကို လက်ရွေးစင်အသင်းသားတွေထဲမှာ တတ်နိုင်သမျှ မြန်မြန် ပေါင်းစပ်နိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။

ဒီရာသီမှာ သူက အာဆင်နယ်အတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်လာပြီး ပရီးမီးယားလိဂ်က အကောင်းဆုံးဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ စပြီးတော့ ပွဲကစားချိန်တွေ ရတော့မှာပါ။ အခု သူ့ရဲ့ နေရာကို ရှာတွေ့ဖို့က သူ့တာဝန်ဖြစ်သွားပါပြီ။

ကျွန်တော့်အတွက်တော့ သူ့မှာ ပြင်သစ်လက်ရွေးစင်အတွက် ပွဲထွက်ကစားသမားဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေအားလုံးရှိပါတယ်။ကျွန်တော် သူ့ရဲ့ ကစားသမားဘဝကို အစ်ကိုတစ်ယောက်ရဲ့ ဂုဏ်ယူမှုနဲ့ ကြည့်မိတယ်။

ကျွန်တော်တို့ကြားမှာ ပြဿနာဖြစ်ခဲ့တာမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ စနောက်နေကြတဲ့သူတွေပါ။ ဥပမာ ကျွန်တော် သူ့ကို ဘွန်ဒီရဲ့ ကြယ်ပွင့်ဖြစ်လာစေချင်ပေမယ့် အဲဒါက ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ခဏခဏ ပြောနေကျပါ”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဟာ ဂျာမနီမှာ တတိယအကြိမ်မြောက် ယူရိုအောင်ပွဲ ရယူသွားနိုင်ဖို့အတွက် ရည်မှန်းထားတာဖြစ်ပြီး အဓိကဆုဖလားပြိုင်ပွဲတွေမှာ မကြာသေးမီက ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။