၂၀၂၄ ယူရိုပြိုင်ပွဲမှာ တန်ကြေးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ လက်ရွေးစင်အသင်းက အင်္ဂလန်အသင်းဖြစ်ကြောင်း Transfermarkt ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဟယ်ရီကိန်း၊ ဖိုဒန်၊ ထရန့်နဲ့ ဆာကာတို့လို ကြယ်ပွင့်တွေ ပါဝင်လာတဲ့ အင်္ဂလန်အသင်းရဲ့ တန်ကြေးဟာ ပေါင် ၁.၂၉ ဘီလျံထိ တန်ကြေးရှိထားတာပါ။

ဒါကြောင့်ပဲ ပြင်သစ် (ပေါင် ၁.၀၄ ဘီလျံ)၊ ပေါ်တူဂီ (ပေါင် ၈၈၉ သန်း)နဲ့ စပိန် (ပေါင် ၈၁၇ သန်း) တို့ကို ကျော်ပြီး ယူရိုရဲ့ တန်ကြေးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်တဲ့ အသင်းနေရာမှာ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ပွဲမှာ စကော့တလန်ကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အိမ်ရှင် ဂျာမနီကတော့ ပေါင် ၇၂၀.၄၄ သန်းနဲ့ ပဉ္စမနေရာမှာပဲ ရှိနေပါတယ်။ ဂျာမနီအသင်းမှ ဝက်ဇ်နဲ့ မူဆီယာလာတို့ဟာ ယူရိုမှာ စောင့်ကြည့်ရမယ့် ကြယ်ပွင့်တွေဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ တန်ကြေးအနည်းဆုံးက ရိုမေးနီးယားဖြစ်ပြီး ပေါင် ၇၈ သန်းပဲ တန်ကြေးရှိကာ အယ်လေးနီးယားကတော့ ၎င်းတို့ရဲ့ အထက်မှာ တန်ကြေး ပေါင် သန်း ၁၀၀ ဖြင့် ရှိနေတာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ တစ်သင်းလုံး ပျှမ်းမျှ အသက် အငယ်ဆုံး ၃ သင်းကတော့ ချက်၊ တူရကီ၊ အင်္ဂလန် တို့ဖြစ်ကာ အသက်အကြီးဆုံး ၃ သင်းကတော့ ပိုလန်၊ ဂျာမနီ၊ စကော့တလန်တို့ဖြစ်ပါတယ်။