ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီ အသင်းဟာ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်နေတဲ့ ဘရာဇီး တိုက်စစ်မှူး နေမာကို အသုံးချပြီး တိုက်ရိုက် အလဲအထပ် လုပ်ကာ မန်ယူ ကွင်းလယ် ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဘာကလည်း မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ ဟန်ပြင်နေသူ တစ်ဦး ဖြစ်ပြီး ၄င်းက ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဂျူဗင်တပ်ထံ ပြန်သွားဖို့ ရေပန်းစားနေတာပါ။ ဒီအချိန်မှာ ပီအက်စ်ဂျီဘက်က နေမာနဲ့ ပေါ့ဘာကို တိုက်ရိုက် အလဲအထပ် လုပ်ဖို့ အံ့အားသင့်ဖွယ်ရာ ကြိုးစားလာခဲ့တယ်လို့ သတင်းများမှာ ဖော်ပြနေကြပါတယ်။

ပေါ့ဘာကို ပီအက်စ်ဂျီ အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတာ ဖြစ်ပြီး လက်ရှိ အချိန် မှာလည်း နေမာက ဘာစီလိုနာ အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ ပြင်ဆင် နေကြောင်း သတင်းများက ဖော်ပြလျက် ရှိပါတယ်။ ပီအက်စ်ဂျီက အခြေအနေကို အမိအရ အသုံးချပြီး နေမာနဲ့ ပေါ့ဘာတို့ကို တိုက်ရိုက် အလဲ အထပ် ပြုလုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် မန်ယူအသင်းဘက်က နေမာရဲ့ လုပ်ခ လစာ ပမာဏကို ပေးချေဖို့ မတတ်နိုင်တာကြောင့် ငြင်းဆန် ပယ်ချခဲ့တယ်လို့ အင်ဒီပန်းဒန့် သတင်းစာက ဖော်ပြခဲ့ပါတယ်။

နေမာရဲ့ လက်ရှိ လစာက တစ်ပတ် ပေါင် (၉) သိန်း အထိ ရရှိနေပြီး ယူနိုက်တက် အသင်းရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အက်ဝုဒ်ဝပ်က နေမာရဲ့ အဆိုပါ လစာ ပမာဏကို ပေးချေလိုခြင်း မရှိတာကြောင့် မန်ယူက ပေါ့ဘာကိုသာ အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားဖို့ ပြင်ဆင် နေပါတယ်။

မန်ယူအသင်းဟာ ပေါ့ဘာ၊ ရပ်ဖို့ဒ်၊ ဒီဂီယာတို့ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး မြင့်မားတဲ့ လစာများ တောင်းဆိုမှု တွေ ရင်ဆိုင်နေရပါတယ်။ ဆန်းချက်ရဲ့ လစာကြောင့်တင် အခြား ကစားသမားတွေ ထိန်းသိမ်းဖို့ အခက်တွေ့နေတဲ့ မန်ယူအသင်း အနေနဲ့ ဆန်းချက် လစာ ၂ ဆ လောက် ပေးရမယ့် နေမာ ကိုသာ ခေါ်ယူလိုက်ပါက ပြဿနာများ ပိုမိုကြီးထွားလာမှာပါ။

ဘရာဇီးသား နေမာကတော့ အသင်းဟောင်း ဘာစီလိုနာ အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဘာစီလိုနာ အသင်းဖော် ဟောင်းတွေ ရှိနေတဲ့ Chat Group တစ်ခုမှာလည်း သူ အသင်းကို ပြန်လာမှာ ဖြစ်တဲ့ အကြောင်း မက်ဆေ့ခ်ျပို့ ပြောကြား ခဲ့သေးကြောင်း သိရှိ ရပါတယ်။

မန်ယူအသင်းကလည်း အသင်းက ထွက်ခွာလိုကြောင်း လေသံဟထားထားတဲ့ ပေါ့ဘာကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ပြင်ဆင် နေပြီး ကစားသမား အတွက် တစ်ပတ် လုပ်ခ ပေါင် (၅) သိန်းနဲ့ စာချုပ်သစ် တစ်ရပ်ကို ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် နေမာ ပေါ့ဘာ တည့် အလဲအထပ်က စိတ်ဝင်စားစရာ ကောင်းပေမယ့် ဖြစ်လာဖို့တော့ မရှိပါဘူး။