မန်ယူဟာ ဘစ်ဆာကာအတွက် ကမ်းလှမ်းမှု လုပ်ထားခဲ့ပြီး တနင်္လာနေ့က ပဲလေစ့်နဲ့ တွေ့ဆုံစဉ် လန်ဒန်ကလပ်ဘက်က ကမ်းလှမ်းလာတဲ့ အကြောတင်းတဲ့ ညိနှိုင်းမှုကို ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ပဲလေစ့်ဟာ တိုက်စစ်မှူး ဇာဟာကို မန်ယူကနေ ခေါ်ယူခဲ့စဉ်က ပြန်လည်ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀% အား မန်ချက်စတာအသင်းကို ပေးချေရမယ့် အရောင်းဆိုင်ရာ သဘောတူညီချက်ကို သဘောတူပေးထားပါတယ်။

ဒီနွေမှာတော့ မန်ယူဘက်က ဘစ်ဆာကာကို အသဲအသန် အလိုရှိနေချိန်မှာ အင်္ဂလန်လူငယ်ရဲ့ အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသအဖြစ် ဇာဟာနဲ့တုန်းက သဘောတူညီမှုဖြစ်တဲ့ ၂၀% ခံစားခွင့်ကို လျော့ချဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ ပဲလေစ့်ဘက်က အလိုရှိနေတယ်လို့ သိရတယ်။

မန်ယူဘက်ကတော့ ဘစ်ဆာကာအတွက် ပေါင် ၃၅ သန်း ကနဦးပေးချေမှုနဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၁၅ သန်းခန့် ထပ်မံပေးချေမယ့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်။ ပဲလေစ့်ဘက်ကို တုန့်ပြန်သောအားဖြင့် ဘစ်ဆာကာအတွက် ထပ်ဆောင်းပေးချေမယ့် ဆုကြေးထဲမှာ ချန်ပီယံလိဂ် အနိုင်ရရင်ပေးမယ့် ဆုကြေးကိုလည်း ထည့်သွင်းလိုက်တာဖြစ်တယ်။

မန်ယူဟာ ပရီးမီးယားလိဂ် အဆင့် ၆ သာ ရယူနိုင်ခဲ့တဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရထားပါဘူး။ ဒီတုန့်ပြန်မှုက ပဲလေစ့်ဘက်က တရားလွန် ဈေးကစားမှုအတွက် တုန့်ပြန်မှုကောင်းလည်း ဖြစ်သွားမှာဖြစ်ပေမယ့် ကစားသမားကတော့ မန်ယူထံ ပြောင်းလာဖို့ သဘောတူညီမှု ရထားပါတယ်။