သရုပ်ဆောင် ဆုရွှန်းလဲ့က သားလေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ပြောပြလာပါတယ်. ဒါပေမယ့် မိသားစုနဲ့ပတ်သက်တဲ့ အင်တာဗျူးတွေတော့ မဖြေချင်တော့ကြောင်း သူကဆိုပါတယ်.

သရုပ်ဆောင် ဆုရွှန်းလဲ့က သူ့ရဲ့ သားလေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်. သားလေးကို မိတ်ဆက်ပေးခဲ့မိတာလည်း မှားပြီလို့ သူကဆိုပါတယ်.

”အများသိစေရန် နောက်ကို ကျွန်မ ပုံတင်ရင် ကိုယ့်ပုံကိုယ်ပဲ တင်ပါတော့မယ်။ မလွှဲသာလို့ အင်တာဗျူးများဖြေရမယ်ဆိုရင်လည်း ကျွန်မ မိသားစုနဲ့ အနှောင့်အသွား မလွတ်တာတွေ လာမမေးကြပါနဲ့။ ကျွန်မ သားပုံလည်း ဘယ်တော့မှ မတင်တော့ပါဘူး။ ကိုယ့်သား တီတီတာတာ ပြောတတ်လာလို့ ချစ်လို့ မိတ်ဆက်ပေးမိတာ ကျွန်မရဲ့ မဟာအမှားပါပဲ။ တချို့လူတွေရဲ့ စိတ်ဓါတ်များ (မအူဝဲ ပြောတာလည်း မမှားပါဘူးလေ)” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်.

စင်ကာပူနိုင်ငံမှာ နေထိုင်ပြီး မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ ဆုရွှန်းလဲ့ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လုပ်တော့မယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ပြောပြလာပါတယ်.မြန်မာပြည်ကို အောက်တိုဘာလထဲမှာ ရောက်ရှိလာပြီး ဇန်ဇနဝါရီ ပထမအပတ်မှာ ပြန်ဖို့ လုပ်ထားပေမယ့် အနုပညာတွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ပြန်ဖို့ ရက်ကိုတောင် ရွှေ့မယ်လို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗီဒီယို ရိုက်ကူးမှုတွေ လုပ်ဖို့ ကမ်းလှမ်းကြတဲ့အတွက် ဗီဒီယိုတွေ ပြန်ရိုက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဇာတ်ကားရိုက်ဖို့ တောင်းဆိုကြတဲ့အတွက် မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ အနုပညာအလုပ်တွေကို ကမ်းလှမ်းလာရင် ကမ်းလှမ်းလာသလောက် လုပ်သွားဖို့ စဉ်းစားထားတဲ့အကြောင်း ဆက်လက်ပြောပြထားပါတယ်.

ဆုရွှန်းလဲ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာ နဲ့ မဂ္ဂဇင်းကာဗာ. ဂျာနယ်ကာဗာ တွေကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာ ဖြစ်ပါတယ်.သူမ ကတော့ ၂၀၁၄ ခုနှစ်က ခင်ပွန်းဖြစ်သူ ကိုဇေယျာဝင်းနဲ့ လက်ထပ်ပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ စင်ကာပူနိုင်ငံမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပါပြီ.