အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ဇယားထိပ်ပိုင်း မျှော်လင့်ချက် အလားအလာနဲ့ ပတ်သက်ပြီး လက်တွေ့ကျဖို့ ဂန်းနား ပရိသတ်တွေကို သတိပေးခဲ့သလို ဒီရာသီမှာ စိန်ခေါ်မှုတွေအတွက် ခံစစ်ပိုင်း တိုးတက်ဖို့နဲ့ ခြေစွမ်းတည်ငြိမ်မှုရှိရမယ်လို့ အသင်းသားတွေကို တိုက်တွန်းစကား ပြောဆိုခဲ့ပါတယ်။

မနှစ်က အာဆင်နယ်ဟာ အဆင့်ငါးနေရာ ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော်ခဲ့ပါတယ်။ အမ်မရီက အာဆင်ဝင်းဂါး ထွက်ခွာပြီးနောက် ပထမရာသီမှာ ကလပ်အတွက် တိုးတက်မှု တစ်ခု အဖြစ် မြင်ခဲ့ပေမယ့် သူ့ကစားသမားတွေဟာ သူတောင်းဆိုတဲ့ အရှိန်ပြင်းပြင်းနဲ့ လုပ်အားနှုန်းမျိုး အမြဲ မလုပ်နိုင်ခဲ့ဘူးဆိုတာ လက်ခံခဲ့ပါတယ်။

အမ်မရီက “ကျနော့် စိတ်ကူးက ကတော့ အသင်းက ကစားသမားတွေကြား နေရာယူမှု ၊ ပူးပေါင်းမှု ကောင်းကောင်းနဲ့ ပြိုင်ဘက်အသင်းတွေကို ရင်ဆိုင်ကစားနိုင်မယ့် အသင်း တစ်သင်းကို အလိုရှိတယ်။

ကျနော်တို့ဟာ ရင်ဆိုင်ရတဲ့ အခြေအနေ အားလုံးမှာ အတွေ့အကြုံ ကောင်းတွေနဲ့အတူ အရှိန်ပြင်းပြင်း တိုက်စစ်ဆင် ကစားနိုင်ဖို့ လိုပါတယ်။ မနှစ်က ပွဲတိုင်းမှာ ကျနော်တို့ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး ” လို့ ပြောပါတယ်။

အာဆင်နယ်ဟာ မနှစ်က မန်ချက်စတာ စီးတီး၊ လီဗာပူးတို့ရဲ့နောက် ရမှတ် ၂၀ ကျော်အကွာနဲ့ ရာသီသိမ်းခဲ့ပြီး ဒီရာသီမှာ ဖလားစိန်ခေါ်နိုင်မလားလို့ မေးခံရတဲ့အပေါ်မှာလည်း အမ်မရီက –

“ကျနော်တို့ လက်တွေ့ကျဖို့ လိုတယ်။ အခု လီဗာပူး၊ စီးတီးနဲ့ ကျနော်တို့ကြား ကွာခြားချက်က အမှတ် အများကြီးပါ။ ခံစစ်ပိုင်း လဲ တိုးးတက်ဖို့ လိုပြီး တိုက်စစ်ပိုင်း မလျော့ဖို့လဲ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းနဲ့ ကျနော်တို့ တိုးတက်ခဲ့တဲ့ ပထမဆုံး စိတ်ကူးက တိုက်စစ် အားပြုဖို့ပါ။

တစ်ခါတစ်လေ ကျနော်တို့ ခံစစ်ပိုင်းနဲ့ ဟန်ချက်ညီဖို့ ရုန်းကန်ခဲ့ရတာ မှန်ပါတယ်။ မနှစ်က တစ်ခါတစ်လေ တော့ ဟန်ချက်ညီအောင် လုပ်နိုင်ခဲ့ပြီး ကျနော်တို့ ရည်မှန်းချက်က ဒါကို ဆက်ထိန်းသိမ်းနိုင်ဖို့ပါ။ ” လို့ ဖြေကြားခဲ့ပါတယ်။