လိုင်လီ တိုက်စစ်ကစားသမား နီကိုးလပ် ပီပီအတွက် နာပိုလီ ကျေနပ်လောက်မယ့် ပမာဏနဲ့ ကမ်းလှမ်းထားတဲ့ ကလပ် အသင်း လေးခုထဲမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ပါဝင်နေပေမယ့် အီတလီကလကပ် နာပိုလီအသင်းရဲ့ ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမှုကို လိုင်လီက လက်ခံခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက် ကျန်ရှိနေပါသေးတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကပလ်အသင်းနဲ့အတူ အောင်မြင်မှု အသစ်တွေကို ထပ်မံ စွမ်းဆောင်နိုင်ဖို့ မနှစ်က ချန်ပီယံလိဂ်ဖလား အောင်မြင်မှုကို အတိတ်မှာပဲ ထားခဲ့ဖို့ စကားထဲ ထည့်မပြောဖို့ အသင်းသားတွေအား ပိတ်ပင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ အင်္ဂလန်မှာ ရုပ်သံထုတ်လွှင့်ပြသခံရမှု အများဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ၄င်းတို့ ပရီးမီးယားလိဂ်ပွဲ ၇၆% ဟာ တိုက်ရိုက် တီဗွီကနေ အခြား ချယ်နယ်တွေကနေ ပြသခြင်း ခံနေရပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီနွေမှာ လီဗာပူးဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုကို လုံးဝ ခေါ်ယူမှာ မဟုတ်ပဲ ဘရာဇီး ကွင်းလယ်လူကို ခေါ်ယူမယ်ဆိုရင် အရမ်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရပါလိမ့်မယ်လို့ ပြောဆိုပါတယ်။

လီဗာပူးအသင်း ဗဟိုခံစစ်မှူး ဗန်ဒိုက်ကာ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ခဲ့တာတွေထက် နည်းနည်းပိုကောင်းအောင် အားထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ရရှိထားတဲ့ အောင်မြင်မှုနဲ့ ကျေနပ် မနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

” ပြီးခဲ့တဲ့ရာသီက ကျနော်တို့ လုပ်ခဲ့သမျှက ဒီရာသီမှာ ထည့်တွက်မှာ မဟုတ်ပါဘူး။ တချို့ အသင်းတွေဆီက လေးစားအသိအမှတ်ပြုမှု တချို့ ရကောင်း ရနိုင်ပေမယ့် အဆုံးမှာတော့ ကွင်းထဲမှာ ကျနော်တို့ လုပ်မှ ကျနော်တို့ ရမှာပါ။ ရှိသမျှ အရည်အချင်းတွေနဲ့ ပေါ့။ ” လို့ ဗန်ဒိုက် က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းမှ အသက် ၁၈ နှစ်အရွယ် ကစားသမား Paul Glatzel ဟာ ဒီလ အစောပိုင်းက ထရမ်းမီးယားနဲ့ ခြေစမ်းပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင်း ကလော့ပ်က ၄င်းကို မဲလ်ဝုဒ်မှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုများ ပြုလုပ်ပေးရန် တောင်းဆိုထားပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့မှာ နာပိုလီနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး နောက်ဆုံး ခြေစမ်းပွဲအဖြစ် လိုင်ယွန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။ သြဂုတ်လ ၄ ရက်နေ့မှာတော့ ဝင်ဘာလေမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းကို အပြိုင်လုသွားရမှာ ဖြစ်ပါတယ်။