ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ရာမှာ ပူလာဆစ်ရဲ့ ခြေစွမ်းက အထင်ကြီးဖွယ် ကောင်းလွန်းတယ်လို့ လမ်းပတ်က ယုံကြည်နေပြီး ဆဲဘက်နဲ့ ပွဲအပြီးမှာ ချီးကျူး စကား ဆိုခဲ့ပါတယ်။ ဇန်နဝါရီမှာ ပူလာဆစ်ကို ချယ်ဆီးအသင်းက ခေါ်ယူခဲ့ပေမယ့် ဒေါ့မွန်အသင်းထံပဲ အငှားချပေးခဲ့ရပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ချယ်ဆီးအသင်းနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လမ်းပတ်က ” သူဂိုးတွေရယူပြနိုင်ခဲ့တဲ့ အနေအထားကို ကျနော် အတော်လေး အထင်ကြီးပါတယ်။ ပရီးမီးယားလိဂ် တောင်ပံသမားအနေနဲ့ သူလိဂ်မှာ အသားကျလာဖို့ လိုပါတယ်။ သူက ငယ်ရွယ်တယ် ဒါပေမယ့် အလားအလာကောင်းတွေရှိပြီး သူ့အတွက် ပျော်ရွှင်မိပါတယ် ” လို့ ဆိုပါတယ်။

ချယ်ဆီးကနေ ထွက်ခွာသွားပြီ ဖြစ်တဲ့ ဂယ်ရီကာဟေးလ်ရဲ့ ဘန်လေသို့ ပြောင်းရွှေ့မယ့် အနာဂတ်က ယူနိုက်တက်နဲ့ မက်ဂွဲယား အပြောင်း အရွှေ့ ဖြစ်မှု အပေါ် မူတည်လာပါတယ်။ မက်ဂွဲယား ထွက်ခွာရင် လက်စတာက ဘန်လေမှ ဂျိမ်းစ် တာကောစကီးကို ခေါ်ယူမှာ ဖြစ်ပြီး ဒါမှလည်း ဘန်လေက ကာဟေးလ်ကို ဆက်လက် ခေါ်ယူမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဆဲဘက် အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၅-၃ နဲ့ အနိုင်ရသွားပါတယ်။ ပူလာဆစ် ခြေစွမ်းပြ နှစ်ဂိုးသွင်းပြီး ဘာကလေ၊ ဘက်ရှုဝါရီနဲ့ ပတ်ဒရိုတို့က တစ်ဂိုးစီ သွင်းယူပါတယ်။

ချယ်ဆီးလူငယ် ကွင်းလယ်ကစားသမား ကယ်စေပဲလ်မားက ချန်ပီယံရှစ် ဘရစ်စတိုး စီးတီးထံ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ဆေးစစ်မှု ခံယူရန် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းထံ ပြန်ရောက်လာပြီး ရာသီကြိုမှာ ပွဲကစား ခြေစွမ်းပြနေတဲ့ မေဆန်မောင့်က အသင်းမှာ ပျော်ရွှင်နေပြီး သွင်းဂိုးတွေနဲ့ ကလပ်အသင်းကို ကူညီပေးလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဖရန့်လမ်းပတ်ဟာ ချယ်ဆီး နည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ညက ဆဲဘက်နဲ့ ပွဲမှာ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျနဲ့ တွေ့ဆုံခဲ့ပါတယ်။ အေဗရာမိုဗစ်ခ်ျဟာ သြစတေးလျကလပ် ဆဲဘက် အသင်းကို ၅-၃ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့အသင်းကို ကြည့်ဖို့ ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။