နည်းပြ ဖရန့်လမ်းပတ် လက်အောက် ချယ်ဆီးရဲ့ ပထမဆုံး ရာသီကြိုမှာ တိုးတက်မှုလက္ခဏာတွေ ရှိနေပြီး အရင်လကမှ သက်တမ်းတိုးထားတဲ့ မောင့်ကလည်း ကွင်းလယ်စွမ်းဆောင်ရည်မှာ တောက်ပနေပါတယ်။

မောင့်ဟာ စီနီယာ ကစားသမားဘဝ တတိယရာသီနဲ့ လမ်းပတ် လက်အောက် ဒုတိယရာသီ ဖြစ်သလို အသက် ၂၀အရွယ် ကစားသမားက ဝါရင့်ကစားသမားလို လုပ်ပြခဲ့တာပါ။ တနင်္ဂနွေနေ့က ရက်ဒင်းကို ၄-၃ နဲ့ နိုင်ခဲ့တဲ့ ပွဲးမှလည်ား အထင်ကြီးလောက်စရာ ခြေစွမ်းနဲ့ နှစ်ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ အရည်အသွေး အားလုံးကို ပြသခဲ့ပါတယ်။

“ ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။ လူတိုင်းက မိနစ်အချို့ ကစားခွင့် ရခဲ့တယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ရာသီကြိုပွဲ ဖြစ်ခဲ့ပါတယ်။ ရာသီသစ်အတွက် အဆင်သင့် ဖြစ်ဖို့ လေ့ကျင့်ရေး မှာ ကျနော်တို့ ထင်ထင်ရှားရှား အရမ်းကြိုးစားနေတယ်။ ” လို့ မောင့်က ပြောဆိုခဲ့တာပါ။

ချယ်ဆီးအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုက ဟာဇက် သွင်းယူခဲ့တဲ့ ဂိုးတွေကို ဘယ်သူတွေက တာဝန်ယူမလဲပါပဲ။ ကလပ်ရဲ့ အဓိက တိုက်စစ်မှူး သုံးယောက်လုံးဟာ ဟာဇက်ရဲ့ သွင်းဂိုးတွေကို တာဝန်ယူပေးမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အသင်းပရိသတ်တွေမှာ ရှိမနေပါဘူး။ ဒါပေမယ့် မေဆွန်မောင့်ဟာ ဂိုးသွင်းမှု အပိုင်းမှာ ယုံကြည်မှုတွေ ရရှိအောင် လုပ်ခဲ့ပါတယ်။

မေဆွန်မောင့်ဟာ လမ်းပတ်အတွက် အရေးပါတဲ့ နေရာတွေမှာ ကစားပေးရမယ့် အကယ်ဒမီ လူငယ် ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပါတယ်။ ကံကောင်းတာက မောင့်ဟာ လေ့ကျင့်ရေး မှာ အရမ်းကြိုးစားပြီး အလားအလာကောင်းတွေနဲ့ စွမ်းဆောင်ရည်ကို ပြသကာ ကောင်းကောင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သိပ်ကောင်းပါတယ်။ ရာသီသစ်က နှစ်ပတ်အတွင်း စတင်တော့မှာပါ။

“နှစ်ရာသီကြာ အငှါးကစားခဲ့ရပြီးနောက် အခု ပြန်လာရတော့ ကျနော့် အိမ်လိုပဲ ခံစားရတယ်။ လူငယ်ကစားသမားတွေအတွက် ဒါက အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့မှာ အခွင့်အရေး ရှိပေမယ့် လွယ်လွယ်နဲ့ မရဘူး။

အလုပ်ကြိုးစားပြီး ကိုယ်က အသင်းအတွက် အဆင်သင့် ဖြစ်နေပြီဆိုတာ နည်းပြကို ပြသရမယ်။ ဒါက ကျနော့် ရည်မှန်းချက်ပါ။ အခုချိန်မှာ ကျနော့် အိမ်လို ခံစားရတဲ့ နေရာမှာ ကစားနေရတာကို နှစ်သက်ပါတယ်။ ” လို့ မောင့်က ပြောဆိုခဲ့ပါတယ်။