ချယ်ဆီး အသင်းဟာ လူငယ်ကစားသမား နှစ်ဦးကိုလည်း ထပ်မံ လက်လွှတ်လိုက်ပြန်ပါတယ်။ Kasey Palmer က ဘရစ်စတိုး စီးတီး အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားတာ ဖြစ်ကာ Dujon Sterling ကတော့ ၀ီဂန်အသင်းထံ အငှား ကစားဖို့ ထွက်ခွာ သွားခဲ့ပါတယ်။

ချယ်ဆီးနည်းပြဟောင်း မော်ရင်ညိုက လက်ရှိနည်းပြ လမ်းပတ်ကို အကယ်ဒမီမှ အရည်အသွေးရှိ လူငယ်လေးများကို အခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပြီး ပြင်သစ် ဗဟိုခံစစ်မှူး ဇူးမားက ချယ်ဆီးမှာ ခြေစွမ်းတောက်ပလာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီး လူငယ်ကွင်းလယ်တိုက်စစ်သမား မေဆန် မောင့်က – “နှစ်ရာသီကြာ အငှါးကစားခဲ့ရပြီးနောက် အခု ပြန်လာရတော့ ကျနော့် အိမ်လိုပဲ ခံစားရတယ် ။ လူငယ်ကစားသမားတွေအတွက် ဒါက အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့မှာ အခွင့်အရေး ရှိပေမယ့် လွယ်လွယ်နဲ့ မရဘူး။ အလုပ်ကြိုးစားပြီး ကိုယ်က အသင်းအတွက် အဆင်သင့် ဖြစ်နေပြီဆိုတာ နည်းပြကို ပြသရမယ်။ ဒါက ကျနော့် ရည်မှန်းချက်ပါ။ အခုချိန်မှာ ကျနော့် အိမ်လို ခံစားရတဲ့ နေရာမှာ ကစားနေရတာကို နှစ်သက်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှားက ချယ်ဆီးနဲ့ စတင်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် ပြင်ဆင်နေပြီး ရာသီကြိုမှာ နိုင်ပွဲဆက်နေတဲ့ ရလဒ်တွေက ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တီနဲ့ နောက်ခံလူ ရူဒီဂျာတို့ဟာ ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲ မတိုင်မီ ဒဏ်ရာတွေ ကနေ ပြန်ကောင်းလာဖွယ် ရှိနေပါတယ်။

အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပေမယ့် ချယ်ဆီးအသင်းဟာ သူတို့ နည်းပြသစ် ဖရန့်လမ်းပတ်ရဲ့ ပွဲဦးထွက် ရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိပါလိမ့်မယ် လို့ ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။