မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ခက်ခဲမှုတွေ ကြုံတွေ့နေရပေမယ့် ဖရက်ဟာ ယူနိုက်တက်ကနေ လက်လျော့ပြီး မထွက်ခွာသင့်ဘဲ ကစားခွင့်ရဖို့ ဆက်လက် တိုက်ပွဲ ၀င်သင့်ကြောင်း ဘရာဇီး ဂန္တ၀င်ကစားသမား ရီဗယ်ဒိုက အကြုံပေးစကား ဆိုလိုက်ပါတယ်။

ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ အင်္ဂလန်သား ခံစစ်မှူး မက်ဂွဲယားဟာ ဒီကနေ့ မနက်မှာပဲ လက်စတာအသင်းရဲ့ ရာသီကြို ပွဲစဉ် မတိုင်ခင် အသင်း လူစာရင်းကနေ နှုတ်ထွက်သွားပါတယ်။ မကြာခင်မှာပဲ ယူနိုက်တက်နဲ့ လက်စတာတို့ဟာ မက်ဂွဲယားအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက် လူငယ်ကွင်းလယ်ကစားသမား တော်မီနေး ဟာ ကွင်းလယ် အသင်းဖော်တွေနဲ့ ယှဉ်ရင် ငယ်ရွယ်ပြီး အတွေ့အကြုံ နုနယ်သေးသော်လည်း အသင်း ဦးစီးဦးဆောင် လုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လိုကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ ကလပ်အသင်းဟောင်း ယူနိုက်တက်ဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဦးမှာ ဖြစ်ကြောင်း ခန့်မှန်း ပြောကြားလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှားက ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် ပြင်ဆင်နေသလို ရာသီကြိုမှာ နိုင်ပွဲဆက်နေတဲ့ ရလဒ်တွေက ဘာမှ အဓိပ္ပါယ်မရှိကြောင်းနဲ့ ခြေစမ်းပွဲ ရလဒ်တွေထက် သြဂုတ် ၁၁ ရက်မှာ ကစားမယ့် ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ရလဒ်ကောင်းဖို့ကပဲ ပိုအရေးကြီးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လူကာကူ အတွက် အလဲအထပ် အပြောင်းအရွှေ့ကို ဂျူဗင်တပ်နဲ့ စိတ်ရှည်စွာ ညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ကနဦး ပြောဆိုမှုများ အရ ဒိုင်ဘားလားကို ဂျူဗင်တပ်က ထည့်သွင်းကမ်းလှမ်းလိုပေမယ့် အာဂျင်တိုင်းသားက ဆာရီနဲ့ ဆွေးနွေးလိုနေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ထပ် အသင်းခေါင်းဆောင် ရာထူးကို မကြာခင် ဆုံးဖြတ်တော့မယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဗလင်စီယာ ထွက်ခွာပြီးတဲ့နောက် အသင်းခေါင်းဆောင် အဖြစ် ဘယ်သူ ဆက်လက် တာဝန်ယူမလဲဆိုတာကို ယူနိုက်တက်က ကြေငြာရခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ ဒီရာသီ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲ အဖြစ် မီလန်နဲ့ ဒီတပတ်မှာ ကစားဖို့ ရှိပြီး ဆိုးရှားက ယူနိုက်တက်နဲ့ ချယ်ဆီး ကန်မယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်ခင်မှာ အတည်ပြု ကြေငြာဖို့ ရှိပါတယ်။ ရာသီသစ်ကစလို့ ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင် သစ် ဖြစ်လာမယ်လို့ သတင်းကြီးနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အေဂျက်အသင်းကွင်းလယ်လူ ဗန်ဒါဘိခ်အား ခေါ်ယူခွင့်အတွက် ကမ်းလှမ်းမှုကို နယ်သာလန်ကလပ်ထံ ပေးပို့ခဲ့ပြီလို့ စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဇီဒန်းဟာ ကွင်းလယ်မှာ အင်အားဖြည့်မှု ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ စီစဉ်ခဲ့သေးပေမယ့် ကမ်းလှမ်းမှုပြုလုပ်နိုင်မှာ မဟုတ်ခြင်းကြောင့် ပလန်ဘီဖြစ်တဲ့ ဗန်ဒါဘိခ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။