မက်ဂွဲရားကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဒိုင်ဘာကိုပါ ချိတ်ဆက်နေတဲ့ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမား တစ်ဦးကိုပါ ချိန်ရွယ်မှုတွေ ရှိလာနေပြီလို့ သိရပါတယ်။

ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ နောက်ဆုံး သတင်းထွက်လာသူက အေဂျက်အသင်းရဲ့ ဘရာဇီးသား တိုက်စစ်သမား ဒေးဗစ် နာရက်စ်ပဲ ဖြစ်ပါတယ်။ သူဟာ မနှစ်က ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံပွဲ ၅၀ အထိ ကစားပေးခဲ့ပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

မနှစ်တုန်းက တောက်ပတဲ့ လူငယ်ကစားသမားတွေနဲ့ ကစားသမားကောင်းတွေ များစွာ ပေါ်ထွက်လာတဲ့အထဲမှာ နယ်သာလန်ကလပ် အေဂျက်အသင်းမှ အသင်းသား အများအပြားလည်း ပါဝင်ခဲ့တယ်။ နာရက်စ်ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ကတောင် စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြသေးတာဖြစ်တယ်။

နည်းပြဆိုးရှားက အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းရဲ့တိုက်စစ်ကို အင်အားထပ်ဖြည့်ချင်နေသေးတာပါ။ ဒိုင်ဘာလာကို ချိတ်ဆက်နေပေမယ့် ကစားသမားရဲ့ အဖြေကို တနင်္လာနေ့မှ သိရမှာဖြစ်လို့ ငြင်းဆန်ခဲ့ရင်ဆိုတဲ့ အနေအထားအတွက် ကြိုတင် ချိတ်ဆက်နေခြင်းလို့လည်း သုံးသပ်မှုတွေ ထွက်ရှိထားတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်နားမှာ ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားမှုနဲ့အတူ လူကာကူကိုပါ ရောင်းထုတ်ဖို့ ကြိုးစားမှာပါ။ ဒိုင်ဘာလာက ငြင်းပယ်ရင်တော့ နာရက်စ်ကို ခပ်မြန်မြန် ပြောင်းခေါ်ဖို့ ကြိုတင်စီစဉ်နေပြီဖြစ်ပါတယ်။